Home
မြန်မာသတင်း
အာဆီယံအကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့တွင် မြန်မာအကြမ်းဖက်စစ်တပ် ပါဝင်နေ
DVB
·
April 23, 2025

လက်ရှိ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံက မြန်မာစစ်တပ်ကို အာဆီယံရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအစီအစဉ်တွေမှာ ဖိတ်ခေါ်ခဲ့တာက မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှု တွေမှာ အာဆီယံရဲ့ ပါဝင်ပတ်သက်မှုတွေကို နက်ရှိုင်းစေပြီး မလေးရှားရဲ့ ကတိတွေကို ထိခိုက်စေတယ်လို့ Justice For Myanmar အဖွဲ့က ဧပြီ ၂၃ ရက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာတော့ ၂၀၂၄ ခု မတ်လမှာ မြန်မာစစ်တပ်က အိန္ဒိယ-မလေးရှား ပူးတွဲဦးဆောင်တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးတွေရဲ အကြမ်းဖက်မှု တိုက်ဖျက်ရေးအစည်းအဝေးကို တက်ရောက်ခဲ့ပြီး ဒီအစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင် အမေရိကန်၊ တရုတ်၊ ရုရှား စတဲ့ နိုင်ငံတွေ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း အာဆီယံရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ကို ရုရှားနဲ့အတူ ဦးဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ရုရှားမှာ စစ်ရေး လေ့ကျင့်ခဲ့ပြီးတော့ ဒီနည်းဗျူဟာတွေဟာ မြန်မာပြည်သူတွေကို ဖိနှိပ်ဖို့ ဖြစ်ခဲ့သလို ၂၀၂၅ မတ်လ ၂၈ ရက်နေ့ ငလျင်အပြီးမှာ စစ်တပ်က အရပ်သားကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၈၀ ကျော် ဆက်လက် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အာဆီယံရဲ့ အစီအစဉ်တွေမှာ မြန်မာစစ်တပ်ကို ဆက်လက်ပါဝင်စေမှုဟာ မြန်မာစစ်တပ်ရဲ့ တရားဝင်မှုကို အသိအမှတ်ပြုရာရောက်ပြီး၊ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုကို ဟန့်တားနေတယ်လို့လည်း Justice For Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကတော့ “မြန်မာစစ်အုပ်စုနဲ့ အာဆီယံရဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောာင်ရွက်မှုတွေက အာဆီယံဘုံသဘောတူညီချက် ငါးရပ်နဲ့ မလေးရှားရဲ့ ငြိမ်းချမ်းရေး တောင်းဆိုမှုတွေကို အတုအယောင်ဖြစ်စေပါတယ်။ အာဆီယံအနေနဲ့ စစ်အုပ်စုနဲ့ ဆက်ဆံရေးကို ရပ်တန့်ပြီး မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် အသက်တွေရင်းပြီး စစ်အုပ်စုကို ရဲရဲရင့်ရင့် ဆက်လက် ခုခံတော်လှန်နေတဲ့ အသံတွေကို လေးစားကာ ငြိမ်းချမ်းရေးအတွက် ကတိကဝတ်တွေကို ပြသပါ” လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဧပြီ ၂၄ ရက်မှာတော့ အာဆီယံနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ကြား ဘုံသဘောတူညီချက် ၅ ရပ် သဘောတူခဲ့တာ ၄ နှစ်ပြည့်ပြီ ဖြစ်ပေမဲ့လည်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ရှိနေပြီး ဒီသဘောတူညီချက် ၅ ရပ်ဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ပျက်ကွက်ခဲ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013