မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီ စစ်မှုထမ်းဥပဒေကို အသက်သွင်းဖို့ ကြိုးစားနေတဲ့ ဘယ်သူမဆို စစ်ရေးပစ်မှတ်အဖြစ် အရေးယူသွားမယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က မတ် ၁၇ ရက်မှာ သတိပေးထုတ်ပြန်ခဲ့ပါတယ်။
ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့တပတ်မှာ အစည်းအဝေးခေါ်ယူပြီး စစ်မှုထမ်းဖို့အတွက် ရပ်ကွက်နဲ့ ကျေးရွာတခုကို လူငယ် ၁၀ ဦးစီ စာရင်းကောက် ခေါ်ယူဖို့ ခိုင်းစေခဲ့ပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ရှုတ်ချပြီး ကျိုက်ထိုမြို့အတွင်းရှိ လူငယ်တွေကို စစ်မှုထမ်းဖို့ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ စစ်ကောင်စီဘက်က ကိုယ်တိုင်ကိုယ်ကျ ပါဝင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် အရေးယူသွားမယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။
“စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်တဲ့နေရာမှာ ကိုယ်တိုင်ပါဝင်တဲ့သူတွေအပြင်ကို လိုက်ပြီး လုပ်ကိုင်ပေးနေတဲ့ ဝန်ထမ်းတွေ၊ မြို့နယ်နဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ နောက်ပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေကိုပါ စစ်ရေးပစ်မှတ်အဖြစ် ထိရောက်စွာ အရေးယူသွားပါမယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့သူမှန်သမျှ နိဂုံးမလှဘူးလို့ ပြောချင်ပါတယ်။”
စစ်ကောင်စီမှာ စစ်မှုမထမ်းဖို့ ရှောင်လွဲနိုင်တဲ့ နည်းလမ်းမှာ တောခိုဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတဲ့အတွက် နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားပြီး စစ်ကောင်စီကို အမြစ်ပြတ်တဲ့အထိ တိုက်ထုတ်သွားသင့်တယ်လို့ သူက ဆက်ပြောပါတယ်။
လက်နက်ကိုင်ရမှာ ကြောက်ပေမဲ့ စစ်ကောင်စီက အတင်းအကျပ် စစ်မှုထမ်းခိုင်းပါက တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်သွားမယ်လို့ ကျိုက်ထိုမြို့မှာ နေထိုင်တဲ့ လူငယ်တဦးက ပြောပါတယ်။
“ကျနော်တို့က ဘယ်တော့မှ စစ်တပ်မှာ စစ်မှုထမ်းသွားမှာ မဟုတ်ဘူး။ လက်နက်ကိုင်ရတာ ကြောက်ပေမဲ့ သူတို့ဆီမှာ စစ်မှုထမ်းမယ့်အစား PDF ထဲမှာပဲ စစ်မှုသွားထမ်းတော့မှာပေါ့။ အခုက ဘာဆက်လုပ်ရမလဲဆိုတာ အခြေအနေ စောင့်ကြည့်နေတုန်းပါပဲ။ ဖိတ်စာလည်း မပို့သေးတော့ ဘာလုပ်ရမှန်း မသိသေးပါဘူး။ သေချာတာကတော့ သူတို့ဆီမှာ စစ်မှု တသက်လုံး ထမ်းသွားမှာ မဟုတ်ဘူး။”
စစ်ကောင်စီမှာ စစ်မှုမထမ်းချင်ဘဲ ရှောင်လွှဲလိုသူတွေကို ကျိုက်ထိုမြို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ကြိုဆိုလက်ခံပေးသွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အသီးသီးထုတ်ပြန်ထားပါတယ်။
ကျိုက်ထိုမြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီ သတင်းပေးတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း မကြာခဏ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီက အစစ်ဆေးကြမ်းနေပြီး ဆိုင်ကယ် နှစ်ယောက်စီးခွင့်လည်း ပိတ်ပင်ထားပါတယ်။