Home
နိုင်ငံတကာ
ချင်းမိုင်ကို ဘေးသင့်ဧရိယာအဖြစ် ကြေညာမည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ပြော
DVB
·
March 18, 2024
Chiang Mai city amid air pollution_18032024

ချင်းမိုင်ဟာ ကမ္ဘာမှာ လေထုအညစ်ညမ်းဆုံးမြို့ ဖြစ်နေပြီး မီးခိုးမြူတွေ လွှမ်းနေပေမဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်တာကြောင့် ဘေးသင့်ဒေသအဖြစ် ကြေညာသွားမှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီးဆင်က  X လူမှုကွန်ရက်မှာ ရေးသားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။

သက်ဆိုင်ရာ အေဂျင်စီတွေနဲ့ သေချာတိုင်ပင်ပြီးမှ အခုလိုဆုံးဖြတ်တာဖြစ်ကြောင်း၊ ဘေးသင့်ဒေသ ကြေညာလိုက်ရင် ကိုဗစ်-၁၉ ကနေ ပြန်နာလန်ထူကာစ ခရီးသွားလုပ်ငန်းကို ထိခိုက်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က တုံ့ပြန်ခဲ့ပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေ ဝယ်ထားတဲ့ ခရီးသွားကျန်းမာရေး အာမခံဟာ ဘေးသင့်ဒေသနဲ့ အရေးပေါ်ဒေသတွေမှာ မလွှမ်းခြုံဘူးဆိုတဲ့ အချက်ကို ဝန်ကြီးချုပ်က ထောက်ပြပါတယ်။

“ချင်းမိုင်ခရိုင်ဟာ ကာလတိုနဲ့ ကာလရှည်နေဖို့ စီစဉ်ထားတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆုံးရှုံးရပါလိမ့်မယ်။ ကျနော်တို့စိတ်ပူတာ အဲဒီအချက်ပါပဲ” လို့ ဝန်ကြီးချုပ် ဆေထာက X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

IQAir ရဲ့ အချက်အလက်တွေအရ ချင်းမိုင်ဟာ ဝန်ကြီးချုပ် ပို့စ်တင်တဲ့အချိန် မတ် ၁၇ ရက် ညနေ ၄ နာရီ ၄ မိနစ်မှာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး နေရာအဖြစ် ထိပ်ဆုံးရောက်ခဲ့ပြီး ညနေ ၄ နာရီခွဲမှာတော့ ဒုတိယနေရာ ပြန်ရောက်သွားခဲ့ပါတယ်။

X လူမှုကွန်ရက်မှာ မှတ်ချက်ပေးသူတွေကတော့ ဝန်ကြီးချုပ်အနေနဲ့ ခရီးသွားလုပ်ငန်းထက် ချင်းမိုင်မှာနေတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို ပိုအာရုံစိုက်သင့်တယ်လို့ ဝေဖန်နေကြပါတယ်။

ချင်းမိုင်ခရိုင်မှာ မီးခိုးမြူတွေ ဆိုင်းနေခဲ့တာ ရက်အတန်ကြာရှိပြီဖြစ်ပြီး ပုံမှန်အားဖြင့် မြို့ကနေ လှမ်းမြင်ရတဲ့ ဒွိုင်ဆူထေ့ တောင်ကြီးကိုတောင် မမြင်ရလောက်အောင် မီးခိုးမြူတွေ ဆိုင်းနေတာ ဖြစ်ပါတယ်။

Source/Photo-REUTERS/Stringer

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013