မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျိုက္ကော်မြို့မှာ မတ် ၁၈ ရက် ဒီနေ့မနက် ၇ နာရီလောက်က ပေါင်ဘက်ကနေ ပဲခူးဘက်ကို သွားရောက်မယ့် ကျောက်တင်ရထားတစီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက္ကော်မြို့ မိုးကောင်းကျေးရွာအနီး ကြေးနန်းမိုင်တိုင်အမှတ် ၁၂၂/၃ နဲ့ ၁၂၃/၁ ကြားရှိ ပေါင်းကူးတံတားပေါ်မှာ ကျောက်တင်ရထား မိုင်းခွဲခံခဲ့ရတာကြောင့် ရထားလမ်းပေ ၂၀ လောက်နဲ့ တံတားအောက်ခံဘောင် ပျက်စီးသွားပြီး ကျောက်တင်ရထားလည်း လမ်းချော်ကာ တွဲ ၅ တွဲ တိမ်းမှောက်ခဲ့ပါတယ်။
မိုးကောင်းရွာခံတဦးက "ဒီမနက်အစောကြီး ရွာအပြင်မှာ မိုင်းကွဲသံ အကျယ်ကြီးကြားတော့ အရင်တခါကလို ကားလမ်းတံတားပဲ မိုင်းခွဲခံရတယ် ထင်နေတာ။ ပြီးမှ ကျောက်တင်ရထား မိုင်းခွဲခံရတာ ဖြစ်နေတယ်။ ကျောက်တွဲ ၅ တွဲတော့ မှောက်သွားပြီး လူအထိအခိုက်မရှိဘူးလို့ ကြားတယ်”လို့ပြောပါတယ်။
မိုင်းခွဲခံရတဲ့နေရာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာရောက်စစ်ဆေးကြည့်ရှုသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလိုမိုင်းခွဲဖျက်ဆီးတာနဲ့ ပတ်သက်ပြီး ဘယ်သူ၊ ဘယ်အဖွဲ့က ဘာကြောင့် လုပ်ဆောင်ခဲ့သလဲ ဆိုတာ အတိကျမသိရသေးသလို ဘယ်အဖွဲ့စည်းကမှလည်း သတင်းမထုတ်ပြန်ထားပါဘူး။
ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁ နာရီကလည်း ရန်ကုန်-မော်လမြိုင်လမ်းမပေါ်ရှိ မိုးကောင်းတံတား မိုင်းဖောက်ခွဲ ခံခဲ့ရလို့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားသလို ကားထောင်ချီပိတ်မိခဲ့ပြီး ကုန်စည်စီးဆင်းမှုတွေလည်း ယာယီရပ်သွားခဲ့ပါတယ်။
Photo.SBM