Home
မြန်မာသတင်း
မအူပင်တွင် လျှပ်စစ်မီးမလာသဖြင့် ရေသန့်လုပ်ငန်းများ အခက်ကြုံ
DVB
·
March 18, 2024
MaUBinPurifiedWater_18032024

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေတဲ့အတွက် ရေသန့်စက်ရုံတွေမှာ ရေသန့်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ အခက်အခဲ ဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

လျှပ်မီးပြန်လာရင်လည်း သတ်မှတ်ဗို့အား မပြည့်တဲ့ အခြေအနေတွေကြောင့် ရေသန့်လုပ်ငန်းတွေ လုပ်ကိုင်ရမှာ အခက်အခဲတွေ ဖြစ်ပေါ်နေပြီး မီးပုံမှန်မလာတာ တနှစ်ကျော်ကျော်အထိ ရှိလာပြီ လို့ မအူပင်မြို့က ရေသန့်လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

''ကျမတို့ လုပ်ကိုင်နေတဲ့ ရေသန့်စက်က မီးအား ၂၂၀ ဗို့အဝင်ရမှ ထုတ်လို့ရတာ၊ မီးစက်နဲ့ လုပ်ကိုင်ဖို့ကလည်း ဒီစက်သုံးဆီဈေးတွေနဲ့ မတတ်နိုင်ပါဘူး။ ဒါမျိုး ဖြစ်လာတာကလည်း တနေ့ မဟုတ်တော့ တော်တော်ခက်တယ်။ အခုက နှစ်စပိုင်းဖြစ်လို့ အခြေအနေ စောင့်လုပ်နေပါတယ်၊ အဆင်မပြေရင်တော့ ရပ်ပစ်ဖို့သာရှိတယ်။”

ပုံမှန်မီးလာချိန်မှာ တနေ့ကို ရေသန့်ဘူး အရေအတွက် ၄၀၀ ကျော် ထုတ်နိုင်ပြီး လျှပ်စစ်မီး မလာတဲ့အချိန် စက်သုံးဆီ အသုံးပြုကာ မီးစက်နဲ့ ရေသန့်စင်ရင်တော့  တနာရီကို ဘူးအရေအတွက် ၁၀၀ လောက်ပဲ ထုတ်လုပ်နိုင်တာကြောင့် အမြတ်မကျန်ဘူးလို့ နောက်ထပ် ရေသန့် လုပ်ငန်းရှင် တယောက်ကပြောပါတယ်။

''အလုပ်လုပ်ရတာ အဆင်ပြေတဲ့ ရက်ရှိပါ့မလားတောင် မသိတော့ဘူး။ အခုက ဝန်ထမ်းတွေအတွက် လစာတောင် အပြည့်အဝပြန်မရဘူး။ မီးလာတဲ့အချိန် စောင့်လုပ်နေရတာ၊ မီးကလည်း လာတဲ့အချိန် နောက်ကျသလို မီးအားလည်း မပြည့်ဘူး။ ကိုယ့်စက်နဲ့ ကိုယ်မောင်း လုပ်တော့လည်း ဘယ်လိုမှ တွက်ခြေမကိုက်ဘူး။ အခုဆို တော်တော်အခက်အခဲ ဖြစ်လာတယ်။ ဒီလကုန်လောက်အထိ စောင့်ကြည့်မယ် အဆင်မပြေရင် နားမယ်။”

အခုလို ရေသန့်ထုတ်လုပ်ဖို့ ကုန်ကျစရိတ်များ ပြားနေတာကြောင့် ရေသန့်ဈေးတင် ရောင်းတော့လည်း ငွေကြေးကျပ်တည်းလာမှု ကြောင့် ဝယ်ယူသူ မရှိသလောက် ဖြစ်သွားတယ်လို့ ရေသန့် လုပ်သန်းရှင်တွေက ဆိုပါတယ်။

ဒါ့အပြင် မအူပင်မြို့နယ်မှာ ရေသန့်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေဟာ လက်ရှိ လုပ်ငန်း အခက်အခဲတွေ ဖြစ်ပွားနေတာကြောင့် အခုမတ်လကုန်အထိ စောင့်ကြည့်လုပ် ကိုင်ကြမှာဖြစ်ကာ လျှပ်စစ်မီးပုံမှန်အခြေအနေအထိ မရပါက လုပ်ငန်းရှင်တချို့ ရပ်နားဖို့ စီစဉ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013