လီဗာပူးအသင်းသားတွေအနေနဲ့ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့မှုအတွက် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ကြဖို့ နောက်ခံလူဟောင်း ကာရေဂါက ဝေဖန်သွားပါတယ်။
လီဗာပူးအသင်းဟာ မတ် ၁၇ ရက် မနေ့ညက ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ မန်ယူအသင်းက ချေပဂိုးသွင်းပြီး အချိန်ပိုအထိ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရတာပါ။
မယုံကြည်နိုင်စရာ ပွဲစဉ်ဖြစ်ပြီး မန်ယူနိုက်တက်အတွက် ခမ်းနားကြီးကျယ်တဲ့ရလဒ်ဖြစ်ကာ လီဗာပူးအသင်းသားတွေအတွက်တော့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ကြဖို့ ကာရေဂါက ပြောပါတယ်။
မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ကတော့ မန်ယူအသင်းရဲ့ အောင်ပွဲအပေါ် “ဝင်ဘလေဆီသို့” ဆိုပြီး တွစ်တာမှာ ရေးသားခဲ့တာကိုလည်း ကာရေဂါက ပြန်လည်ဝေဖန်ပါတယ်။
မန်ယူအသင်းအနေနဲ့ ဖိုင်နယ်တက်ခဲ့ရင်လည်း မန်စီးတီးအသင်းက အလွယ်တကူ အနိုင်ယူသွားမှာဖြစ်ပြီး အဲရစ်တန်ဟတ်ဂ်ဟာလည်း အသင်းနည်းပြအဖြစ် ဆက်ရှိနေမှာ ဖြစ်ကြောင်း ကာရေဂါက ဟာသလုပ်ပြီး လှောင်ပြောင်သွားခဲ့ပါတယ်။
Photo-Reuters