ရုရှားသမ္မတ ရွေးကောက်ပွဲမှာ ဗလာဒီမာပူတင်ဟာ ဆိုဗီယက်ခေတ်လွန်မှာ စံချိန်တင် မဲရာခိုင်နှုန်းဖြစ်တဲ့ ၈၇ ဒသမ ၈ ရာခိုင်နှုန်းအထိ ရရှိပြီး အနိုင်ရခဲ့တယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။
၁၉၉၉ ခုနှစ်ကတည်းက အာဏာရခဲ့တဲ့ ကေဂျီဘီ ထောက်လှမ်းရေးအရာရှိဟောင်းဟာ ပြည်တွင်းမှာ သူ့အပေါ် အပြည့်အဝထောက်ခံမှု ရှိထားတယ် ဆိုတာကို ဒီရွေးကောက်ပွဲ ရလဒ်နဲ့ ပြသခဲ့တာ ဖြစ်ပါတယ်။
အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ပူတင်ဟာ နောက်ထပ် ခြောက်နှစ်သက်တမ်းပြည့်သာ ထမ်းဆောင်နိုင်ခဲ့ရင် ဂျိုးဆက်ဖ်စတာလင်ကို ကျော်ပြီး အနှစ် ၂၀၀ ကျော်အတွင်း တာဝန်ယူမှု သက်တမ်းအရှည်ဆုံး ခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။
တရားဝင်ရလဒ် မကြေညာရသေးပေမဲ့ စစ်တမ်းကောက်ယူတဲ့ ဌာနတွေက ထုတ်ပြန်တဲ့ ရလဒ်က ၈၇ ရာခိုင်နှုန်းဝန်းကျင်နဲ့ ကွဲလွဲချက်နည်းပါတယ်။
နိုင်ငံရေးအတိုက်အခံတွေကို ထောင်သွင်းအကျဉ်းချထားတာ၊ ဆင်ဆာဖြတ်တောက်မှုတွေ လုပ်တာကြောင့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးလို့ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေ ကြေညာထားပါတယ်။
ကွန်မြူနစ်ပါတီက သမ္မတလောင်း နီကိုလိုင်ခါရီတိုနော့ဗ်က ၄ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံး ရခဲ့ပြီး နိုင်ငံရေးနယ်ပယ်က လူသစ်လို့ ပြောလို့ရတဲ့ ဗလာဒီဆလာ့ဗ် ဒါဗန်ကော့ဗ်က တတိယ၊ အစွန်းရောက်အမျိုးသားရေးဝါဒီ လီယိုနစ်ဆလုစကီးက စတုတ္ထရခဲ့တယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။
Source/Photo-Reuters