Home
မြန်မာသတင်း
ရသေ့တောင်မြို့ကို ရက္ခိုင့်တပ်တော် သိမ်းပိုက်
DVB
·
March 18, 2024
YaThaeTaung AA_18032024

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကို  ရက္ခိုင့်တပ်တော် (AA) က   မတ် ၁၇ ရက်မှာ အပြီးတိုင် သိမ်းပိုက်လိုက်ပြီး ရသေ့တောင်မြို့ဟာ AA က သိမ်းပိုက်လိုက်တဲ့ ၁၀ ခု မြောက်မြို့ ဖြစ်လာပါတယ်။

ရသေ့တောင်မြို့မှာ စစ်ကောင်စီတပ်ရဲ့ အခြေစိုက်တပ်ရင်းတွေဖြစ်ကြတဲ့ ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ တည်ရှိပြီး နှစ်ပတ်ကျော်ကြာ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရတာပါ။

သိမ်းပိုက်ရရှိတဲ့ စခန်းတွေအတွင်းက စစ်ကောင်စီတပ်သား အင်အား ၂၀၀ လောက်ဟာ စစ်သင်္ဘောတွေနဲ့ ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားပေမဲ့ စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ပြီး စစ်ကောင်စီက လောလောလတ်လတ် စစ်သင်တန်းပေးထားတဲ့ မွတ်စလင်တချို့ရဲ့ အလောင်းတွေနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေ အပါအဝင် လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိထားတယ်လို့ AA က ထုတ်ပြန်ပါတယ်။

ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ဘူးသီးတောင်အခြေစိုက် ခမရ ၅၅၂ တပ်ရင်းကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ဖို့  AA က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့ကို ရက္ခိုင့်တပ်တော်ဘက်က သိမ်းပိုက်လိုက်တာကြောင့် ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ကိုလည်း အကြီးမားဆုံး စစ်ရေးခြိမ်းခြောက်မှုတွေ ရှိလာပြီလို့ စစ်တွေမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။

“ရသေ့တောင်မြို့ကိုလည်း AA က သိမ်းပိုက်လိုက်ပြီလို့ သိရတယ်။ စစ်တွေမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေကို AA က သိမ်းပိုက်လိုက်ပြီဆိုတော့ စစ်တွေမြို့ကိုလည်း စစ်ရေးအရ အကြီးမားဆုံး ခြိမ်းခြောက်နေတဲ့ အခြေအနေ ရောက်သွားပြီ။ စစ်တွေကိုတိုက်ရင်လည်း စိတ်ဓာတ်ပျက်ပြားနေတဲ့ စစ်ကောင်စီအတွက် အရှုံးကလွဲလို့ ဘာမှမရှိတော့ဘူး။”

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားပြီး ဖြစ်တဲ့အတွက် မြို့တော် စစ်တွေကို တိုက်ခိုက်လာမှာကို စိုးရိမ်နေကြတာကြောင့် မြို့ခံအများစုဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တမြို့ပြီးတမြို့ လက်လွှတ်နေရတဲ့ စစ်ကောင်စီတပ်ဟာ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ၊ သာသနိက အဆောက်အအုံတွေ၊ လမ်းတံတားတွေ စတဲ့ ပြည်သူတွေအသုံးပြုနေတဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို ပိုမိုလုပ်ဆောင်လာပြီး စစ်ရာဇဝတ်မှုတွေကို နေ့စဉ် ကျူးလွန်နေတာကြောင့် အရပ်သား သေဆုံးမှုလည်း နေ့စဉ်တိုးလာနေတယ်လို့ AA က ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က စတင်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲတွေမှာ ရက္ခိုင့်တပ်တော်ဘက်က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ တောင်ပြိုလက်ဝဲ၊ မြေပုံ၊ ရမ်းဗြဲမြို့တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013