Home
မြန်မာသတင်း
ဆန်ဂန်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၇ ခုကို KIA သိမ်းပိုက်ရရှိ
DVB
·
March 18, 2024
KIA PDF

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ တာပိန်မြစ်ညာမှာရှိတဲ့ ဆန်ဂန်၊ မန်ဒါ၊ ခလုန်ကရုန်၊ ဘွမ်ဆန်နဲ့ ဖကွန် စတဲ့ကျေးရွာတွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအပါအဝင် စုစုပေါင်း တပ်စခန်း ၇ ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်တွေက  မတ်လ ၁၇ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ KIAနဲ့  နီးစပ်သူထံကနေ သိရပါတယ်။

အခုလို သိမ်းပိုက်ရရှိတဲ့တပ်စခန်းတွေက ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေလည်း အများအပြားရှိနေပြီး လိုက်လံပိတ်ဆို့နေတယ်လို့ KIA မြေပြင်တပ်ဖွဲ့တွေနဲ့  နီးစပ်သူက ပြောပါတယ်။

“မနက်ပိုင်း ၉ နာရီလောက်ဆိုရင်တောင် တချို့စခန်းတွေ သိမ်းရပြီတဲ့၊ ညနေပိုင်းကြားတာတော့ ၇ ခု သိမ်းနိုင်ပြီ ကြားတယ်။ လက်နက်ကြီးသံတွေတော့ ကြားနေရတုန်းပဲ။ ထွက်ပြေးသွားတဲ့ စစ်သား(စကစ)တွေလည်းရှိတော့ လိုက်ပြီးပိတ်နေတယ်။”

စတင်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်စခန်းတချို့က တပ်ဖွဲ့ဝင်တွေ စခန်းကို စွန့်ခွာထွက်ပြေးသွားတာတွေ ရှိသလို ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားတချို့လည်း ပျောက်ဆုံးနေတာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့ နေရာပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ သတိထား သွားလာနေရတယ်လို့ သိရပါတယ်။

သိမ်းပိုက်ရရှိတဲ့ တပ်စခန်း ၇ ခုဟာ  ၂၀၁၁ ခုနှစ် ဇွန် ၉ ရက် တကျော့ပြန်တိုက်ပွဲ စတင်ခဲ့တဲ့ စန်ဂန်တပ်စခန်းလည်း ပါဝင်တယ်လို့ မိုးမောက်မြို့နယ်က စစ်ရှောင်ပြည်သူ တဦးက ပြောပါတယ်။

“ဆန်ဂန်လည်း သိမ်းပြီးသွားပြီတဲ့ တိုက်ပွဲစဖြစ်တဲ့နေရာ တာပိန်မြစ် အထက်ဘက်ကပေါ့ အဲဒီနေရာကနေ စတာ၊ ဆန်ဂန် ဆိုတာကိုတော့ မမေ့ဘူး၊ ၂၀၁၁ မှာ အဲဒီကနေ တိုက်ပွဲစလို့ ကျမတို့လည်း စစ်ပြေးလိုက်ရတာ ဒီနေ့အထိပဲ၊ အခုသိမ်းလိုက်ပြီးဆိုတော့ စိတ်ထဲမှာ တမျိုးပဲ။”

တိုက်ပွဲဖြစ်ပွားတဲ့ နေရာပတ်ဝန်းကျင်ကို မိုးမောက် ၄၃၇ တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

မိုးမောက်မြို့အထက်က ခမရ ၂၃၇ တပ်စခန်းကိုလည်း ကချင်လွတ်မြောက်ရေးတပ်မတော်က မတ် ၁၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။

တာပိန်မြစ်ညာဘက်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မိုးမောက်-လိုင်ဇာ လမ်းမပေါ်မှာ စစ်ကောင်စီတပ် စခန်းတွေဖြစ်တဲ့ မြို့သစ် ခ.မ.ရ ၃၂၀ ၊ ခ.မ.ရ ၃၈၇ ၊ နွမ်လန် ခ.လ.ရ ၄၃၈ နဲ့ နှောင်ကွမ် အမြောက်တပ်စခန်းတွေသာ ကျန်ရှိနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013