တိုက်ပွဲဖြစ်ပွားနေတဲ့ ဆီဆိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေက လမ်းပေါ်နဲ့ ကျေးရွာတွေထဲမှာ တွေ့ရှိတဲ့ အရပ်သားတွေကို ဖမ်းဆီးချုပ်နှောင်ရိုက်နှက်ပြီး ပစ္စည်းတွေလည်း သိမ်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာထဲမှာ ကျန်ရှိလူတွေကို ဖမ်းဆီးပြီး ကြိုးတုပ်ထားတာ၊ မျက်စိကိုအဝတ်စတွေနဲ့ နာရီနဲ့ချီကြာအောင် ပိတ်ထားတာ၊ သေနတ်ဒင်တွေနဲ့ ရိုက်နှက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ဟိုခဲရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတယောက်က “ဆီဆိုင်မြို့ အနောက်ဘက်ကျေးရွာတွေမှာ စစ်ရှောင်သွားတာပါ။ မြို့နဲ့လည်း အရမ်းမနီးဘူး။ အဲဒါ ကျန်ခဲ့တဲ့ဝက်တွေကို အစာကျွေးဖို့ ပြန်တော့ ဗမာစစ်သားတွေ နဲ့တွေ့တယ်။ သူတို့က ဖမ်းသွားတာ။ လူ ၄ ယောက်လုံး ဖမ်းသွားတယ်။ ဒူးထောက်ခိုင်းတယ်။ သူတို့မျက်နှာကိုကြည့်လို့ ဆိုပြီး နားရင်းတွေ ရိုက်တယ်။ ပြီးတော့ မျက်စိကို အဝတ်တွေနဲ့ပိတ်ပြီး သစ်ပင်မှာ အကြာကြီး ချည်ထားတာ။ သေနတ်ဒင်တွေနဲ့၊ တုတ်တွေနဲ့ ရိုက်တယ်။ မေ့သွားပြီးတော့ သူတို့က ခြေထောက်နဲ့ ခေါင်းကို ကန်ပြီးနှိုးမှာ ညဘက်ရောက်မှန်း သိတာ။ ညဘက်ရောက်မှ ပြန်လွှတ်ပေးတယ်” လို့ ပြောပါတယ်။
ကျေးရွာသွားလမ်းနဲ့ ဆီဆိုင်မြို့ကိုသွားတဲ့ လမ်းမကြီးတွေပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ကြုံရင်လည်း တွေ့သမျှလူအကုန်လုံး ဖမ်းဆီးထားပြီး ပါသမျှပစ္စည်းတွေ သိမ်းတာမျိုးတွေ ရှိတယ်လို့လည်း သိရပါတယ်။
ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ အမျိုးသားတယောက်က “ကျနော့်ကို လမ်းမှာဖမ်းလာတာ၊ ၄၂၄ တပ် တောင်ဘက်နားက ဒေါ်ဝတုတ်ကုန်စုံဆိုင်မှာ ခေါ်လာပြီး အိမ်သာထဲ ၃ ရက်ပိတ်ထားတယ်၊ စစ ဖမ်းတဲ့နေ့က တအားရိုက်တယ်။ လူတောင် မထနိုင်ဘူး။ အဲဒါနဲ့ စစ်သားတွေက တွဲပြီး အိမ်သာထဲ ပိတ်ထည့်ထားတာ။ ၃ ရက်လုံး ဘာမှမစားရဘူး။ မုန့်တွေတော့ ပစ်ထည့်ပေးတယ်။ နောက်တော့ မင်းဆိုင်ကယ်ကို ငါတို့သုံးဖို့ လိုလို့ ယူထားမယ်။ မင်းက ပြန်တော့၊ နိုင်ငံရေးပြန်ကောင်းမှ ဆိုင်ကယ် ပြန်လာယူ ဆိုပြီး ပြောတယ်၊ ကျနော်လည်း ၅ မိုင်ကျော်လောက် လမ်းလျှောက်ပြီးမှ စစ်ရှောင်တဲ့နေရာကို ပြန်ရောက်တယ်” လို့ ပြောပါတယ်။
လူတွေများတဲ့ နေရာတွေ၊ ဂိတ်တွေမှာတော့ သိပ်မဖမ်းဘဲ ကင်းလှည့်တဲ့ စစ်သားတွေနဲ့ ဆုံရင်တော့ ဖုန်း၊ ဆိုင်ကယ်နဲ့ ကားတွေ ပါတာ အကုန်ယူသွားတတ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလတုန်းကလည်း ဆီဆိုင်မြို့နယ်၊ နောင်အယ်ရွာနေ အမျိုးသားတယောက်နဲ့ အသက်မပြည့်သေးတဲ့ ယောကျာ်းလေးတယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီး ရိုက်နှက်လို့ အသက်သေဆုံးခဲ့ပါတယ်။
ဆီဆိုင်မြို့ကို PNLA တပ်က ထိန်းချုပ်ထားဆဲဖြစ်ပေမယ့် မြို့ပြင်နဲ့ အနီးတဝိုက်ကျေးရွာတွေမှာ စစ်ကောင်စီတပ်သားတွေလည်း စောင့်ကြပ်နေပြီး မတ် ၁၁ ရက်က နှစ်ဖက်တပ်တွေ မြို့ထဲမှာ တနေကုန် တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ - ဆီဆိုင်မြို့ ဒေသခံ(ပုံဟောင်း)