Home
မြန်မာသတင်း
NCA အပစ်ရပ် ၇ ဖွဲ့ ထိုင်းတွင် အစည်းအဝေးကျင်းပ၊ ထိန်းချုပ်နယ်မြေများတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ထူထောင်မည်
DVB
·
March 17, 2024
NCA_EAOs meet at Thai1_17032024
NCA_EAOs meet at Thai_17032024

အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ၇ ဖွဲ့ရဲ့ မျက်နှာစုံညီအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီနေ့ မတ် ၁၇ ရက်ကစပြီး ၃ ရက်တာ ကျင်းပနေပါတယ်။

ဒီနေ့အစည်းအဝေးကို ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးလည်း တက်ရောက်လာတာကို တွေ့ရပြီး ပြင်ဆင်ရေးအလုပ်အဖွဲ့က ၇ ဖွဲ့ရဲ့ စုဖွဲ့မှုပုံစံအသစ်အတွက် ပြင်ဆင်ထားတဲ့ နိုင်ငံရေးဆိုင်ရာ အဆိုပြုချက်မူကြမ်းနဲ့ စုဖွဲ့မှုအသစ်ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း မူကြမ်းတို့ကို အကြေအလည် ဆွေးနွေးပြီး အတည်ပြုနိုင်ရေး ကြိုးပမ်းမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနေ့အစည်းအဝေးအစမှာ သဘာပတိ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က “စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းပြီးပါက ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း သေချာစွာ လိုက်နာဆောင်ရွက်နိုင်မှသာ အလုပ်ဖြစ်မှာ ဖြစ်ပါတယ်။ နိုင်ငံရေး၊ စစ်ရေး အခြေအနေများက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပြီး မိမိတို့ ၇ ဖွဲ့ထဲက တချို့အဖွဲ့ဆိုရင် တိုက်ပွဲဝင်နေတာတွေ ရှိခဲ့ပါတယ်။ ဒီအချက်တွေက လက်ရှိအခြေအနေကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေတွေဟာ ထိလွယ်ရှလွယ်တဲ့ အနေအထားမှာ ရှိနေပါတယ်” လို့ ပြောပါတယ်။

အခုကာလမှာ နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ရေးဘောင်ကျယ်တဲ့ အနေအထားမှာ ရှိနေပြီး သူတို့ ၇ ဖွဲ့အနေနဲ့ EAO ၁၂ ဖွဲ့ လက်ခံထားတဲ့ ဖက်ဒရယ်မူကို စွဲကိုင်ပြီး ရှေ့ခရီးကို ဆက်လက် ချီတက်မယ်လို့လည်း ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်ဆစ်က “မိမိတို့ ၇ ဖွဲ့ရဲ့ ထိန်းချုပ်တဲ့ နယ်မြေဒေသအသီးသီးတွေမှာ မိမိတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားရမှာ ဖြစ်ပါတယ်။ မိမိတို့ ဒေသတွေမှာ ရှိနေကြတဲ့ လူထုတွေအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တဆင့်ပြီးတဆင့် တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ တဖက်တွင်လည်း မိမိတို့  ၇ ဖွဲ့ကြားမှာ တူတာတွဲလုပ်၊ မတူတာ ခွဲလုပ် ဆိုတဲ့မူအတိုင်း ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013