အီလွန်မတ်စ်ခ်ရဲ့ SpaceX ကုမ္ပဏီဟာ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတခုအတွက် လျှို့ဝှက်စာချုပ်နဲ့ သူလျှိုဂြိုဟ်တုကွန်ရက်တည်ဆောက်ပေးနေတယ်လို့ အဆိုပါ စီမံကိန်းအကြောင်း သိရှိထားတဲ့ သတင်းရင်းမြစ် ၅ ယောက်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ထုတ်လိုက်ပါတယ်။
ဒီစာချုပ်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် မတ်စ်ခ် အာကာသကုမ္ပဏီနဲ့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေအကြား ဆက်ဆံရေးနက်နက်ရှိုင်းရှိုင်းရှိနေတာကို ဖော်ပြတာလည်း ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ သုံးသပ်ထားပါတယ်။
၂၀၂၁ ခုနှစ်တုန်းက ချုပ်ဆိုခဲ့တဲ့ ဒေါ်လာ ၁ ဒသမ ၈ ဘီလျံတန်ကြေးရှိစာချုပ်အရ အမျိုးသားကင်းထောက်ရုံး (NRO) လို့ခေါ်တဲ့ အမေရိကန်ထောက်လှမ်းရေးဂြိုဟ်တုတွေကို စီမံရတဲ့ဌာနအတွက် Space X ရဲ့ Starshield လုပ်ငန်းက ကွန်ရက်တည်ဆောက်ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခု အစီအစဉ်ဟာ မြေပြင်တပ်ဖွဲ့တွေကို ထောက်ကူပေးဖို့ ရည်ရွယ်ပြီး ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်းက ပတ်နေတဲ့ ဂြိုဟ်တုစနစ်မှာ ပင်တဂွန်က ဘယ်လောက်အထိ ရင်းနှီးမြှုပ်နှံထားတယ် ဆိုတာ ပေါ်လွင်စေတယ်လို့ ရိုက်တာ သုံးသပ်ပါတယ်။
စီမံကိန်းသာ အောင်မြင်ခဲ့ရင် အမေရိကန်အစိုးရနဲ့ စစ်တပ်ဟာ ကမ္ဘာ့ဘယ်နေရာမှာမဆို ပစ်မှတ်ကို ချက်ချင်း ရှာဖွေနိုင်စွမ်းရှိလာမှာ ဖြစ်ပါတယ်။
Source/Photo-REUTERS/Mike Blake