အိုက်စလန်နိုင်ငံက မီးတောင်ကြီးတခုဟာ ဒီဇင်ဘာလနောက်ပိုင်း ၄ ကြိမ်မြောက်အဖြစ် မတ် ၁၆ ရက်နေ့ ညပိုင်းမှာ ထပ်မံပေါက်ကွဲခဲ့ပြီး မှောင်မိုက်နေတဲ့ ကောင်းကင်ယံမှာ မီးခိုးတွေနဲ့ လိမ္မော်ရောင် ချော်ရည်ပူတွေကို ရေပန်းသဖွယ် မှုတ်ထုတ်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်နဲ့ အစိုးရရုပ်သံ RUV က ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ မြေပြင်က အက်ကြောင်းရှည်ကြီးကနေ ချော်ခဲတွေ ထိုးထွက်လာတာ ချော်ရည်တွေဘေးဘက်ကို စီးဆင်းနေတာတွေကို တွေ့ရပါတယ်။
အက်ကြောင်းကြီးဟာ ၂ ဒသမ ၉ ကီလိုမီတာ လောက်ရှည်ပြီး ဖေဖော်ဝါရီလအတွင်း ပေါက်ကွဲမှုနဲ့ အရွယ်အစားတူတယ်လို့ဆိုပါတယ်။
အိုက်စလန်နိုင်ငံ မြို့တော် ရေဂျာဗစ်ရဲ့ တောင်ဘက် ရေဂျာနက်စ် ကျွန်းဆွယ်မှာ ပေါက်ကွဲမှု ထပ်ဖြစ်မယ်လို့ အာဏာပိုင်တွေက ကြိုတင်သတိပေးထားပြီးဖြစ်ပါတယ်။
“ဖြစ်လာမယ်ဆိုတာတော့ ကျိန်းသေပေါက် မှန်းထားပြီးသားပါ၊ ဒါပေမဲ့ ပေါက်ကွဲချိန်ကို အတိအကျမှန်းဖို့တော့ မဖြစ်နိုင်ပါဘူး။ ပထမဆုံး သဲလွန်စက ဖြစ်ခါနီး ၁၅ မိနစ်လောက်မှာ မြေပြင်မှာ စလှုပ်ရှားတာ ဖြစ်ပါတယ်” လို့ နောဒစ် မီးတောင်ရေးရာစင်တာ အကြီးအကဲ ရစ်ကီ ပက်ဒါဆန်က ဆိုပါတယ်။
Source/Photo-Reuters