ထိလွယ်ရှလွယ် ထိုင်ဝမ်ရေလက်ကြားတလျှောက် တင်းမာမှုတွေ တိုးလာနေချိန်မှာပဲ ထိုင်ဝမ် အာဏာပိုင်တွေဟာ မတ် ၁၆ ရက် မနက်ပိုင်းက တရုတ်နိုင်ငံနဲ့နီးစပ်တဲ့ ရှေ့တန်းကျွန်းတွေအနီးရှိ ကန့်သတ်ရေပိုင်နက်အတွင်း တရုတ် ကမ်းရိုးတန်းအစောင့်သင်္ဘောတွေ ဝင်ရောက်လာမှုကို ဒုတိယရက်အဖြစ် ဆက်တိုက်သတိပေးခဲ့ပါတယ်။
တရုတ်ကမ်းရိုးတန်းစောင့် သင်္ဘော ၄ စင်းဟာ တရုတ်ကမ်းရိုးတန်းနဲ့ နီးနီးကပ်ကပ် တည်ရှိနေတဲ့ ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ဘက်ရှိ ကင်မန်ကျွန်းစုရဲ့ ကန့်သတ်ရေပိုင်နက်အတွင်းကို ဝင်ရောက်လာကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
ထိုင်ဝမ်အာဏာပိုင်တွေက သူတို့ကို ထွက်ခွာသွားဖို့ အသံလွှင့် ပြောကြားပြီးနောက်မှာ တရုတ်လှေတွေဟာ အချိန် ၁ နာရီကျော်လောက်သာနေသွားကြောင်း ဆိုပါတယ်။ ထိုင်ဝမ်အာဏာပိုင်တွေဟာ အဲဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင်ကို နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက တရုတ်ကမ်းခြေစောင့်တပ်ဟာ တားမြစ်ရေပိုင်နက်အတွင်း လှေစီး ဝင်ရောက်လာပြီးနောက် ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဆီကနေ ထွက်ပြေးဖို့ ကြိုးစားရင်း တရုတ်အမျိုးသား ၂ ဦး သေဆုံးပြီးနောက်မှာ ကင်မန်ကျွန်းတဝိုက်မှာ ပုံမှန်ကင်းလှည့်မှုတွေကို စတင်ခဲ့တာ ဖြစ်ပါတယ်။
Source/Photo-REUTERS/Ann Wang