Home
ဆောင်းပါး
NUG လေကို နည်းနည်းလျှော့ (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
March 17, 2024
ArticleTunLin_17032024

ဖေဖော်ဝါရီ ၁၀ ရက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေလို့ ဆိုတဲ့ အဓမ္မစစ်သားစုဆောင်းရေးဥပဒေကို အ ကြမ်းဖက်စစ်အုပ်စုက အသက်သွင်းပြီး နောက်တရက်မှာပင် မြန်မာနိုင်ငံတဝန်း လူဖမ်းပွဲ စတင်လိုက်တယ်။ လူဖမ်းပွဲရဲ့ ပင်မရည်ရွယ်ချက်က ဖမ်းဆီးထားတဲ့ လူငယ်တွေကို စစ်တပ်အတွက် တခုခုအသုံးချဖို့နဲ့ ဖမ်းဆီးထားတဲ့အထဲက ငွေပေးနိုင်သူတွေဆီက ပြန်ပေးဆွဲတဲ့သဘော ငွေယူပြီး ပြန်လွှတ်ဖို့ ဖြစ်ကြောင်း သတင်းမီဒီယာ လက်ဖောင်းပေါ် ဖော်ပြတဲ့ သတင်းတွေအရ ကောက်ချက်ချနိုင်ပါတယ်။

လတ်တလောလက်လှမ်းမီတဲ့သတင်းတွေအရ ဖေဖော်ဝါရီ ၁၁ ရက်မှာ မုံရွာမြို့ပေါ် သွားလာနေတဲ့ လူငယ် အယောက် ၁၀၀ လောက်ကို စစ်တပ်က ဖမ်းဆီးခဲ့သလို အဲဒီနေ့မှာပဲ မုံရွာ-မန္တလေး ကားလမ်းမပေါ်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းတို့မှာ ခရီးသည်တင်ကားပေါ်ကနေ လူငယ် ၂၀၀ လောက်ကို ဆွဲချကာ ဖမ်းဆီးခဲ့တယ်လို့ဆိုတယ်။

ဆက်လက်ပြီး ဖေဖော်ဝါရီ ၁၆ ရက်မှာ မန္တလေး-မြစ်ကြီးနား ကားလမ်းမပေါ်က ရွှေဘိုမြို့၊ ကိုးပင်ဂိတ်မှာ ခရီးသည်တင်ယာဉ်တွေပေါ်ကနေ လူငယ် အယောက် ၉၀ ကျော်လောက်ကို ဆွဲ ချပြီး ရွှေဘိုစစ်သားစုဆောင်းရေးတပ်ထဲ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့  ၂ ဖွဲ့ရဲ့ မှတ်တမ်းအရ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ဖမ်းဆီးခံ ရတဲ့ လူငယ် ၈၀ ဝန်းကျင်ရှိပြီး အဲဒီအရေအတွက်မှာ ဧည့်စာရင်းစစ်ရင်း ဖမ်းဆီးခံရတဲ့သူတွေ မပါဘူးလို့ သတင်းတရပ်က ဆိုပါတယ်။

သတင်းတွေအရ အဲဒီလို အကြောင်းပြချက်မဲ့ ဖမ်းဆီးမှုမှာ မြန်မာနိုင်ငံအနှံ့၊ နောက်ဆက်တွဲသတင်း တွေကို အတည်မပြုနိုင်ကြလို့ သူတို့ထဲက ဘယ်နှယောက် ငွေပေးလို့ ပြန်လွတ်ခဲ့ပြီး ဘယ်နှယောက်ကိုတော့ ဘယ်ကို ဖမ်းသွားသလဲဆိုတာ မသိရပါဘူး။

အဲဒီလို ဖမ်းဆီးမှုကို ပေါ်တာဆွဲတာလို့ ပြောကြပေမဲ့ အမှန်တကယ် အထုပ်ထမ်းဖို့ ပေါ်တာဆွဲတာ လား၊ ပေါ်တာတခေါက်လိုက်ပြီးရင် ပြန်လွှတ်မှာလား၊ စစ်မြေပြင်မှာ လူသားဒိုင်းအနေနဲ့ အသုံးချမှာလား။ စစ်တပ်ထဲ သွင်းလိုက်တာလား ဆိုတာလည်း မသိသေးပါဘူး။

ဒါပေမဲ့ မတ်လ ပထမပတ်ထဲမှာတော့ ရမည်းသင်း အမှတ် (၁) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းထဲ မှာ စစ်သင်တန်းပေးဖို့ လူငယ် ၃၀၀ လောက် ရောက်ရှိလာတယ်လို့ သတင်းတွေက ဆိုပါတယ်။

နိုင်ငံတဝန်း နည်းမျိုးစုံနဲ့စုထားတဲ့ အသက် ၂၀ ကနေ ၃၀ ဝန်းကျင်ကြား အမျိုးသား လူငယ်တွေ။ သူတို့ကို ရဲကျောင်းရဲ့ အဆောင်တွေမှာထားပြီး အပြင်ထွက်ခွင့်မရှိ၊ အဲဒီကျောင်းဝန်းကျင်ကိုလည်း လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဆိုတယ်။

အဲဒီသတင်းဟာ မှန်ကန်ကြောင်း ရာနှုန်းပြည့်အတည်ပြုဖို့ ခက်ခဲပေမဲ့ မြန်မာနိုင်ငံတဝန်း ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ စစ်အုပ်စုရဲ့ ယုတ်မာပက်စက်တဲ့ စရိုက်လက္ခဏာအရ သေချာပေါက် မှန်ကန်ကြောင်း မျက်စိ စုံမှိတ်ယုံပစ်လိုက်လို့ ရပါတယ်။

ဒါ့အပြင်၊ လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ခံထားရတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒုက္ခသည်စခန်းက မွတ်စလင်လူငယ်တွေကို ပါမချန် အဓမ္မစစ်သင်တန်းပေးခြင်းက စစ်အုပ်စုရဲ့ ပက်ပက်စက်စက်အကြံကို သက်သေခံနေပါတယ်။

ဒုက္ခသည်စခန်းထဲ ပိတ်မိနေတဲ့ မွတ်စလင်လူငယ် ၁၂၇ ဦးကို ကျောက်ဖြူမြို့အခြေစိုက်စစ်တပ်ထဲ အဓမ္မခေါ်ဆောင်ကာ ပြည်သူ့စစ်သင်တန်းခေါင်းစဉ်နဲ့ ဖေဖာ်ဝါရီ ၂၈ ရက်ကစလို့  နှစ်ပတ်နီးပါးကြာ စစ်သင်တန်းပေးခဲ့ပါတယ်။

သင်တန်းဆင်း မွတ်စလင်လူငယ်တွေကို ရသေ့တောင်မြို့နယ်မှာ အေအေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ရှေ့တန်းကိုပို့လိုက်လို့ အများအပြားသေဆုံးတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး အရေအတွက် အတိအကျမသိရပေမဲ့ အလောင်းတချို့ ဒုက္ခသည်စခန်းကို ပြန်ရောက်လာပါတယ်။

စစ်အုပ်စုက သင်္ကြန်ပြီးတာနဲ့ စစ်သားစုဆောင်းရေးနဲ့ စစ်သင်တန်းပေးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုထားပါတယ်။ အထက်မှာ ပြောခဲ့သလို အဓမ္မစစ်သားစုဆောင်းရေးဥပဒေကို အာဏာတည်ကြောင်း ထုတ်ပြန်ပြီး နောက်တရက်ကစလို့ အဓမ္မဖမ်းဆီးတာတွေ လုပ်ဆောင်ကာ စစ်သင်တန်းပေးနေတာကြောင့် သင်္ကြန်အပြီးမှာ ဥပဒေဆိုတဲ့ ခေါင်းစဉ်အောက်ကနေ စစ်သားစုဆောင်းမှုနဲ့ အလျဉ်းသင့်သလို ဖမ်းချင်သလို ဖမ်းပြီး စစ်တပ်ထဲ သွတ်သွင်းတာမျိုးကိုပါ တပြိုင်နက် လုပ်လာနိုင်ပါတယ်။ ပြောရရင် အခုမျက်မြင်တွေအရ စစ်တပ်ဟာ အဓမ္မစစ်သားစုဆောင်းရေးကို သူတို့ရဲ့ ရည်မှန်းချက်အတိုင်း တစိုက်မတ်မတ် လုပ်ဆောင်နေတာ တွေ့ရပါတယ်။

အဲဒီလိုအခြေအနေမျိုးမှာ တော်လှန်ရေးအင်အားစုတွေဘက်ကရော အဓမ္မစစ်သား စုဆောင်းရေးဥပဒေကို ချေဖျက်ဖို့ ဘာတွေလုပ်ဆောင်နေပါသလဲ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ဖေဖော်ဝါရီ ၁၃ ရက်ကစတင်ကာ ကြေညာချက်တွေ ထုတ်ပြန်ကန့်ကွက်နေတာ တွေ့ရပါတယ်။

စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခြင်းဟာ တရားမဝင်တဲ့လုပ်ရပ်ဖြစ်ပြီး ပြည်သူတွေ လုံးဝ လိုက်နာစရာ မလို။ အဲဒီဥပဒေကို ဖော်ဆောင်တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်မှန်သမျှကို ပြင်းထန်ထိ ရောက်စွာအရေးယူသွားမယ်။ အဲဒီဥပဒေကို အသက်သွင်းခြင်းကြောင့် ပြည်သူတွေ ဘေးဒုက္ခလျော့နည်းစေဖို့ NUG အစိုးရနဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး လိုအပ်တဲ့ကာကွယ်မှုနဲ့ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုက အဲဒီဥပဒေထုတ်ပြန်တဲ့အပေါ် နိုင်ငံတကာအသိုက်အဝိုင်းအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၃ ရက်မှာပဲ ကြေညာချက်ထုတ် ပြန်ခဲ့ပါသေးတယ်။

ဆက်လက်ပြီး NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကလည်း ပြည်သူကို ပေါ်တာဆွဲ၊ အဓမ္မဖမ်း၊ စစ်မှုထမ်းဖို့ဆင့်ခေါ် စတဲ့လုပ်ငန်းစဉ်တွေ လုပ်ကိုင်သူတွေအပေါ် တားဆီးနှိမ်နင်း အရေးယူသွားမယ်လို့လည်း ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ထားပြန်ပါတယ်။

ဒါပေမဲ့ ဘယ်လို တားဆီးနှိမ်နင်းသွားမှာလဲဆိုတဲ့ လုပ်ငန်းစဉ်မရှိသလို တကယ့်လက်တွေ့မှာ တားဆီးလို့လည်း မရ၊ နှိမ်နင်းလို့လည်း မရ၊ အရေးယူဖို့ဆိုတာ ဝေလာဝေးပါပဲ။ ပြောရရင် မဖြစ်နိုင်တာတွေကို ဟိတ်ကြီး ဟန်ကြီးလုပ်ပြီး ကြေညာချက်ထုတ်ကာ အလုပ်လုပ်ချင်ယောင် ဆောင်နေသလားလို့ မေးခွန်းထုတ်ရပါမယ်။

လတ်တလော အရေးတကြီးလိုအပ်နေတာက စစ်တပ်ထဲ မဝင်ချင်ကြတဲ့ မြန်မာနိုင်ငံတဝန်း လူ ငယ်တွေကို လက်တွေ့ကျကျ ဘယ်လို ပံ့ပိုးကူညီမလဲဆိုတာဖြစ်ပါတယ်။

လက်ရှိ စစ်မှုမထမ်းလိုတဲ့လူငယ်တွေထဲက PDF ထဲ ဝင်လိုသူတွေအတွက်တော့ ပြဿနာမရှိပါဘူး။ ကိုယ့်နီးစပ်ရာအချိတ်အဆက်တွေနဲ့ PDF တပ်ဖွဲ့ တွေထဲ ဝင်သွားကြရုံပါပဲ။ အခုလည်း အဓမ္မစစ်မှုထမ်းဥပဒေထွက်ပြီးနောက် PDFတပ်ဖွဲ့တွေထဲရောက်လာတဲ့ လူငယ်တွေ မနည်းပါဘူး။ ဒါတောင် PDFတပ်ဖွဲ့ရှိရာသို့အသွား လမ်းခရီးမှာ စစ်တပ်ဖမ်းဆီးခြင်းခံရတဲ့လူငယ် တွေလည်း ရှိနိုင်ပါတယ်။

စစ်တပ်ထဲ လုံးဝမဝင်နိုင်ပေမဲ့ PDF ထဲလည်း မဝင်လိုတာကြောင့် နယ်စပ်ဒေသတွေဆီ ရောက်နေတဲ့ လူငယ်တွေလည်း မနည်းပါဘူး။ အဓမ္မစစ်သားစုဆောင်းရေးဥပဒေကို အတည်ပြုလိုက်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကနေ မတ်လ ၁၂ ရက်အထိ ထိုင်းနယ်စပ်မှာ တရားမဝင် ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးခံရသူ ၆၀၀ ကျော်ရှိပြီလို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဆိုပါတယ်။

အခုအဖမ်းခံရသူ ၆၀၀ကျော်ဟာ ထိုင်းဥပဒေအရ ထောင် ၃ - ၄လ ကျခံပြီးရင် ထိုင်းအာဏာပိုင်တွေက မြန်မာစစ်ကောင်စီဆီ ပြန်လွှဲမှာပါ။

စစ်တပ်ထဲမဝင်ချင်လို့ ထွက်ပြေးတဲ့ လူငယ်တွေ စစ်တပ်လက်ထဲသာ ရောက်သွားခဲ့ရာ အသတ်မခံရ ကံကောင်းပါပဲ။ အဲဒီလူငယ်တွေကို စစ်ကောင်စီလက်ထဲမရောက်အောင် ဘယ်လို နည်းလမ်းတွေနဲ့ ကယ်ထုတ်ကြမှာလဲ။

ပြီးတော့စစ်တပ်ထဲ မဝင်ချင်ပေမဲ့  ပြည်တွင်းမှာပဲ ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိ ပိတ်မိနေတဲ့ လူငယ်တွေ မနည်းသလို ထိုင်းနယ်စပ်မှာ တိုင်ပတ်ကာ  ပစ္စပ္ပုန်တောင် ပျောက်ဆုံးနေတဲ့ လူငယ်တွေလည်း မနည်းလှပါဘူး။

အဲဒီလိုလူငယ်တွေအပေါ် ဘယ်လိုပံ့ပိုးမှုမျိုး ပေးနိုင်မှာပါလဲ။ ကြေညာချက်ထုတ် ကြိမ်းဝါးနေရုံနဲ့ ဘာမှအလုပ်မဖြစ်ပါဘူး။ NUG အစိုးရအနေနဲ့ လက်တွေ့ ထိရောက်စွာ ကူညီပံ့ပိုးပေးနိုင်မယ့် စီမံချက်မျိုးရေးဆွဲထားသေးပုံ မပေါ်သလို အလုပ်ကော်မတီလည်း မဖွဲ့စည်းရသေးဘူးလို့ ထင်ပါတယ်။ NUG အစိုးရအဖွဲ့ဝင်တချို့ အမေရိကန်မှာ အနေကြာလာတာကြောင့် အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မြန်မာ့အရေး ပြုမူပုံအတိုင်း ကြေညာချက်လေးထုတ် ကန့်ကွက်နေရုံနဲ့ တာဝန်ကျေပြီလို့ ယူဆနေသလားလို့တောင် ထင်မှတ်မှားရပါတယ်။

မတ်၅ ရက်၊ တော်လှန်ရေးအဖွဲ့အစည်း ၄၁ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာလည်း စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ပြီး အရပ်သားအဖြစ်သာ နေထိုင်လိုသူတွေ စစ်အုပ်စုအန္တရာယ်နဲ့ကင်းဝေးရာ ဒေသတွေဆီ ပြောင်းရွှေ့အခြေချနိုင်ရေးအတွက် လိုအပ်တဲ့အစီအမံနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေကို တတ်အားသရွေ့ ကူညီနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဆိုထားပေမဲ့ မတ်လ ၁၃ ရက် အထိ လက်တွေ့ ကူညီတာ မတွေ့ရသေးပါဘူး။

အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ ရည်မှန်းချက်အတိုင်း အဓမ္မစစ်သားစုဆောင်းရေးကို စိုက်လိုက် မတ်တတ်လုပ်ဆောင်နေပါတယ်။ NUG အစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ လေကို နည်းနည်းလျှော့ပြီး လက်တွေ့အလုပ်လုပ်ကြဖို့ လိုပါမယ်။ ကြေညာချက်လေး ထုတ်ရုံလောက်နဲ့ ဘာမုန့်မှ မကျက်ပါဘူး။

ထွန်းလင်း

(သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013