Home
မြန်မာသတင်း
ဗန်းမော် ကွန်ပျူတာတက္ကသိုလ်တွင် စစ်တပ် တပ်စွဲ၊ အဆောင်နေကျောင်းသားများ ပြောင်းရွှေ့
DVB
·
March 17, 2024
BanMaw Computer University_17032024

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ဗန်းမော်ကွန်ပျူတာတက္ကသိုလ်မှာ မတ် ၁၅ ရက်နေ့ကလို့ စစ်ကောင်စီတပ်သားတွေ တပ်စွဲလာတာကြောင့် ကွန်ပျူတာတက္ကသိုလ်က အတွင်းဆောင် ကျောင်းသား ကျောင်းကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေဟာ GTI ကျောင်းမှာ ရွှေ့ပြောင်း နေထိုင်နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ညအချိန် တက္ကသိုလ်ကျောင်းမှာ ညကင်းစွဲလေ့ရှိပေမဲ့ မိုးမောက်အထက်က တပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံပြီးနောက် တပ်စွဲလာတာဖြစ်တယ်လို့ ဗန်းမော် ကွန်ပျူတာတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“အရင်ကတော့ ညပိုင်းပဲလာပြီး စောင့်တာ။ သူတို့(စကစ)တပ်နဲ့လည်း နီးနေတော့ ညပိုင်းပဲ လာစောင့်တယ်။ ဟို မိုးမောက်က ဒါဆိုင် တပ်စခန်း သိမ်းပြီးတော့မှ နေ့ရောညရော လာစောင့်တာပေါ့။ တပ်လာစွဲတဲ့ပုံစံလို” လို့ ပြောပါတယ်။

ကျောင်းသူကျောင်းသားတွေကတော့ စာမေးပွဲကာလ နီးလာလို့ ကိုယ်ပိုင်စာကြည့်ချိန်အနေနဲ့ ကျောင်းပိတ်ထားတာကြောင့် ကျောင်းသွားစရာမလိုတော့ဘဲ အတွင်းဆောင်နေတဲ့ ကျောင်းသူ ကျောင်းသားတွေကိုတော့ ရွှေ့ပြောင်းခိုင်းထားတယ်လို့လည်း သူက ပြောပါတယ်။

“ကျောင်းကတော့ ပိတ်ထားပြီလို့ ပြောလို့ရမယ်။ စာမေးပွဲလည်း နီးလာပြီဆိုတော့ စာကျက်ချိန်ပေးထားတာလေ။ အတွင်းဆောင်နေတဲ့သူတွေက အခု ၂ မိုင် GTI ကျောင်းကို ပြောင်းထားပြီး အဲဒီမှာနေခိုင်းထားတယ် ကြားတယ်” လို့ပြောပါတယ်။

တက္ကသိုလ်စာမေးပွဲကို မတ် ၂၁ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး စားမေးပွဲကို ဗန်းမော်မြို့ပေါ်မှာ ကျင်းပမယ်လို့ သိရပါတယ်။

ဗန်းမော် ကွန်ပျူတာတက္ကသိုလ်ကျောင်းအုပ်နဲ့ ကျောင်းစောင့်တွေပဲ စစ်ကောင်စီတပ်သားတွေနဲ့အတူ တက္ကသိုလ်ကျောင်းဝင်းထဲမှာ ကျန်ရှိနေပြီး ဗန်းမော်မြို့ နန့်ဖားမှာရှိတဲ့ ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေနဲ့ ဆရာမတွေလည်း မတ် ၈ ရက်နေ့ညက စစ်ကောင်စီတပ်သားတွေ အကူအညီနဲ့ GTI ကျောင်းမှာ ပြောင်းရွှေ့နေထိုင်နေတာ ဖြစ်ပါတယ်။

ဗန်းမော် ကွန်ပျူတာတက္ကသိုလ် အထက်က မိုးမောက်မြို့မှာလည်း မတ် ၁၅ ရက်နေ့ညပိုင်းက ခ.လ.ရ ၄၃၇ တပ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ လူနေရပ်ကွက်နဲ့ RC ဘုရားကျောင်းဝင်းမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013