Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးနှင့် ကလေးမြို့တွင် လေယာဉ်၊ လက်နက်ကြီးကြောင့် ဒေသခံများသေဆုံး
DVB
·
March 16, 2024
Kyar 1632024

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်မြောက်ပိုင်း လက်ပံချောင်းရွာမှာလည်း စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံရွာသား ၂ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ သစ်ကတိုက်ကျေးရွာ၊ လွှတ်ရှမ်းကျေးရွာနဲ့ အနန်းကွင်းကျေးရွာတို့ကို မတ် ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) နဲ့ နီးစပ်သူတယောက်က “ဗုံးကြဲသွားတာတော့ သိတယ်ဆိုပေမယ့် ဖုန်းလိုင်းတွေပြတ်တောက်နေလို့ အတည်ပြုလို့မရသေးဘူး။ ရွာ ၃ ရွာလုံးကို ဗုံးကြဲသွားတာပါ။ ထိခိုက်သေဆုံးမှုတွေတော့ရှိတယ်ဆိုပေမယ့် အတည်ပြုနေတုန်းပါ။ အနန်းကွင်းက မိန်းကလေးတယောက်သေတယ်လို့တော့ မြေပြင်သတင်းအရသိထားတယ်” လို့ ပြောပါတယ်။

အနန်းကွင်းကျေးရွာနားမှာပဲ တိုက်ပွဲအနည်းငယ်ဖြစ်ပွားနေပြီး ကျန်တဲ့ကျေးရွာနှစ်ရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သလို ဗုံးကြဲခဲ့တာဟာလည်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေရှိတဲ့ ရွာထဲကို ကြဲခဲ့တယ်လို့ ဆိုပါတယ်။

ကော့ကရိတ်မြို့ခံတယောက်က “ကျနော်တို့ကြားရသလောက်တော့ လတ်တလော ၃ ဦးသေပြီး အများကြီး ဒဏ်ရာရထားတယ်လို့ကြားတယ်။ ကျနော်တို့ အတိအကျကြီးသိတာမဟုတ်ဘူး ကြားရတာပဲရှိတာပါ။ သေချာသိတာကတော့ သူတို့အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်သွားတာ” လို့ ပြောပါတယ်။

ကြာအင်းဆိပ်ကြီးကျေးရွာအတွင်းရှိ ကျေးရွာ ၃ ရွာ ဗုံးကြဲခံရပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတဲ့အရေအတွက်ကို ဒီဗွီဘီအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မှာလည်း စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်တဲ့ တပတ်အတွင်း အရပ်သားပြည်သူ ၂၀ လောက် သေဆုံးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်မြောက်ပိုင်း လက်ပံချောင်းရွာမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၅ ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၄ ရက်နေ့ည ၉ နာရီခွဲဝန်းကျင်က ကလေးမြို့ အမြောက်တပ်ကနေ မြောက်ပိုင်း ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လက်ပံချောင်းရွာက သင်းအုပ်ဆရာ နေအိမ်ရှေ့မှာကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၁ နှစ်အရွယ်အမျိုးသား TV.Lalramdika နဲ့ အသက်အရွယ် ၆၂ အရွယ်အမျိုးသမီး Pi Lalzuali တို့ ၂ ယောက်ဟာ နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့တာ လို့လက်ပံချောင်းရွာနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“၁၄ ရက်ညက ရွာဘက်မှာ ဘာတိုက်ပွဲမှမရှိဘူး။ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တာ။ လက်နက်ကြီးက အသင်း‌တော်လူကြီးအိမ်ရှေ့ကျတာ။‌ ခေါင်းထိပြီး ၂ ယောက်လုံး နေရာတင် ဆုံးသွားတာ။ ၅ ဦးလောက်ဒဏ်ရာရကြတယ်” လို့ ပြောပါတယ်။

မတ် ၁၀ ရက်နေ့ကလည်း စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးမြို့နယ် ရှတောရွာက အသက် ၂၂ နှစ်အရွယ် မနုနုထွေး ထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024