ဒေါ်ရင်မေကို အရပ်ထဲက မသိသူမရှိပါဘူး။ ကျောင်းမုန့်စျေးရောင်းသူဖြစ်လို့ စာသင်ကျောင်းမှာ မုန့်စျေးရောင်းတဲ့ အမျိုးသမီးတယောက်လို့ အများက သိထားကြပါတယ်။ ကျောင်းမှာ မုန့်စျေးရောင်းဖို့အတွက် ဘယ်သူကမှ စိတ်မကူးမိကြချိန်မှာ ဒေါ်ရင်မေတယောက် ကျောင်းအုပ်ကြီးရဲ့ ခွင့်ပြုချက်ကိုယူပြီး မုန့်စျေးရောင်းပါတယ်။
ကရင်တွေပဲရှိတဲ့ရွာမှာ ဗမာအမျိုးသမီးတယောက် ကျောင်းစျေးရောင်းခွင့်ရအောင် ကရင်ကျောင်းအုပ်ဆရာကြီးက ခွင့်ပြုပေးပါတယ်။ ကျောင်းသူကျောင်းသားတွေလည်း တဦးတည်းသော စျေးသည် ဒေါ်ရင်မေဆီကနေ ဝယ်ယူစားသောက်ကြပါတယ်။
ကျောင်းအုပ်ကြီးက စီးပွားရေးအမြင်နဲ့ ငွေကြေးစုဆောင်းတတ်တဲ့ အမြင်ရှိတဲ့ ဒေါ်ရင်မေဆီကနေ လေ့လာဆည်းပူးမေးမြန်း အကြံတောင်းတာရှိသလို ကျောင်းပိုင်ငွေတွေကို သူ့ဆီအပ်ပြီး ငွေပွားအောင်လုပ်တာမျိုးလည်း ရှိပါတယ်။
သားတွေကို စျေးရောင်းပြီး လူတန်းစေ့အောင် ထားနိုင်ခဲ့တဲ့ အမျိုးသမီးတယောက်လည်း ဖြစ်ပါတယ်။ အရပ်ထဲမှာတော့ သူ့ကို သားတွေမွေးလို့ တနေ့ကျရင် ကြိုးကြာဥ စားရတော့မှာပဲလို့ နောက်ပြောင်တဲ့ပုံစံမျိုး ပြောကြပါတယ်။ ဘယ်လိုပဲပြောပြော ဒေါ်ရင်မေ တယောက်ကတော့ သူ့ရဲ့ စျေးရောင်းခြင်းအလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်ပါတယ်။
ကျောင်းမှာမုန့်စျေးရောင်းဖို့အတွက် လွတ်လပ်တဲ့အချိန်အခါကောင်းတော့ မဟုတ်ခဲ့ပါဘူး။ ဒီအရပ်ဒီဒေသမှာ ကော်သူးလေတပ်တွေနဲ့ စစ်တပ်တွေက ထိတွေ့ပစ်ခတ်တာတွေ မကြာခဏ ဖြစ်တဲ့နေရာဖြစ်ပါတယ်။
အဲ့ဒီစာသင်ကျောင်းကိုလည်း ကော်သူးလေတပ်ဖွဲ့ဝင်တွေက စောင့်ရှောက်ကြတယ်လို့ ပြောပါတယ်။ တခါတလေ စစ်တပ်နဲ့ ကော်သူလေးတပ်သားတွေက ကျောင်းဘေးက ဘောလုံးကွင်းထဲမှာ ဘောလုံးအတူကစားကြတယ်လို့ ဆိုပါတယ်။ တခါတခါတော့ ဘောလုံးကစားရင်းနဲ့ပဲ ဒီအထဲမှာ သူပုန်ပါနေပြီဆိုတဲ့ သတင်းပေါက်ကြားသွားတာနဲ့ ပစ်ကြခတ်ကြတော့တာပဲ။ ဘောလုံးကွင်းထဲ ပြေးမလွတ်သူတွေလဲ ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးတဲ့အထိ ရှိခဲ့ပါတယ်။
စာသင်ကျောင်းမှာ ကျောင်းမုန့်စျေးရောင်းရင်းနဲ့ တနေ့တော့ ကရင်စစ်သားလေးတယောက်က သူ့အနားလာပါတယ်။ အနားရောက်တော့ ပြောပါတယ်။ အဘွား ဗိုလ်ချုပ်အောင်ဆန်းသီချင်း ရလား ဆိုတာပါ။ သူလည်းရတယ်လို့ ပြန်ပြောပါတယ်။ အဘွား ရတယ်ဆို ဆိုပြပါလား။ သူလည်းဆိုပြလိုက်ပါတယ်။ အဲ့ဒီကရင်စစ်သားလေးက ပြုံးပြုံးကလေး နားထောင်နေတယ်။
တနေ့ ကျောင်းမုန့်စျေးရောင်းရင်း ထင်မထားတဲ့ ကိစ္စတခု ပေါ်လာပါတော့တယ်။ သားတွေမွေးထားတဲ့ အမျိုးသမီးတယောက် ကြုံလေ့ရှိတဲ့အရာလို့ဆိုရမှာပါ။ အဲ့ဒီအဖြစ်အပျက်က ရိုးရိုးလေးနဲ့ မရိုးရှင်းခဲ့ပါဘူး။ အမေတယောက် စိတ်ပူပန်မှုကို အထွတ်အထိပ်ရောက်စေခဲ့တဲ့ ဖြစ်ရပ်လည်းဖြစ်ပါတယ်။
“မထူးတတပ်”အိမ်ရှေ့က ဘူးစင်မှာ သီးသမျှ ဘူးသီးတိုင်းကို လိုက်ရေးထားပါတယ်။ စာရေးလို့ရတဲ့ သီးကင်းတွေပါမကျန် အသီးကျရာ ဘူးသီးတိုင်းကို လိုက်ရေးထားတာပါ။ ဘူးသီးတွေပေါ်က စာသားက “မထူးတတပ်”တဲ့။
ဒေါ်ရင်မေတယောက် ကျောင်းမှာ မုန့်စျေးသွားရောင်းချိန် အနောက်မှာကျန်ခဲ့တဲ့ သားတွေက ဘူးစင်ပေါ်က ဘူးသီးတွေပေါ်မှာ မထူးတတပ်လို့ လိုက်ရေးထားတာပါ။
ဘူးသီးတွေပေါ်က မီးသွေးခဲနဲ့ရေးထားပြီး အထင်းသာပေါ်နေတဲ့ စာသားက “မထူးတတပ်”ပါ။ အဲ့ဒီနှစ်က သူတို့အိမ်ရှေ့က ဘူးစင်မှာ ခါတိုင်းနှစ်နဲ့မတူဘဲ ဘူးသီးတွေ လှိုင်လှိုင်သီးပါတယ်။
တရက်တော့ စစ်တပ်က စစ်ကြောင်းထိုးလာပါတယ်။ ချောင်းရိုးနှစ်ခု အကျော်မှာ ကရင့်တော်လှန်ရေးတပ်တွေရှိသလို တဘက်မှာလည်း စစ်တပ်က ရှိနေပါတယ်။ စစ်တပ်ကစစ်ကြောင်း မကြာခဏထိုးလေ့ရှိတာ ဒေါ်ရင်မေတို့ နေထိုင်တဲ့ရွာကိုပါ။
စစ်တပ်က စစ်ကြောင်းထိုးလာတာ အုပ်စုလိုက်ကြီး ဘူးစင်အောက်ရောက်လာပါတယ်။ ကလေးတွေ လိုက်ရေးထားတဲ့ စာသားကိုလည်း အဖွဲ့ထဲမှာအကြီးအကဲဖြစ်ပုံရတဲ့သူက လိုက်ဖတ်နေပါတယ်။
ဖတ်နေရင်းနဲ့ “ဒီအိမ်မှာဘယ်သူရှိလဲ။ ဒီစာတွေကို ဘယ်သူရေးတာလဲ” မေးခွန်တွေရဲ့နောက်မှာ ဆက်တိုက်ဆိုသလို ဖြေသံတွေလည်း တပါတည်းပါလာပါတယ်။ ကလေးတွေပီပီ သူတို့ပဲရှိတဲ့အကြောင်း ဒီစာတွေကို သူတို့ရေးတဲ့ အကြောင်းပြောပါတယ်။
ဘယ်သူရေးခိုင်းလို့ ရေးရတာလဲဆိုတော့။ ဘယ်သူကမှမ ရေးခိုင်းဘဲ သူတို့ရေးတဲ့အကြောင်းပဲ ကလေးတွေက ပြန်ပြောပါတယ်။ အိမ်မှာ လူကြီးတွေမရှိချိန် ကလေးနှစ်ယောက်နဲ့ စစ်တပ်တအုပ် “မထူးတတပ်”ဆိုတဲ့စာသားနဲ့ အလုပ်ရှုပ်နေကြပါတော့တယ်။
အရာရှိဖြစ်ပုံရသူက “ဒီကလေးတွေကိုဖမ်း အချုပ်ထဲပို့လိုက်။ ဘူးစင်က ဘူးသီးတွေ တလုံးမကျန် အကုန်ခုတ်ပစ်” အမိန့်ပေးသံရဲ့နောက်မှာ ကျန်သူတွေက ပြောတဲ့အတိုင်းပဲ လုပ်ကြပါတယ်။
ဒေါ်ရင်မေတယောက် သားတွေအတွက် စိတ်ပူပင်ရ။ အလုပ်ရှုပ်ရပါတော့တယ်။ သတင်းပို့လာသူတဦးရဲ့ ပြောစကားတွေ နားထောင်လို့အပြီးမှာကျောင်းစျေးကိုမရောင်းတော့ဘဲ အိမ်ရောက်အောင်ပြန်ပြေးလာရပါတယ်။
အိမ်ရောက်တော့ သားတွေကအိမ်မှာမရှိတော့သလို အိမ်ရှေ့ဘူးစင်ပေါ်က ဘူးသီးတွေလည်း တလုံးမှမရှိတော့ပါဘူး။ “ဘာမှလာမမေးနဲ့ ဘာမှလာမပြောနဲ့ မိသားစုဝင်တွေ အချုပ်ခန်းရှိတဲ့နေရာ လိုက်ခဲ့ကြ” တချက်လွှတ်အမိန့်သံ ထွက်လာပြီးနောက် အားလုံးက ပြောတဲ့အတိုင်းသာ လိုက်လုပ်ကြရပါတော့တယ်။
ကလေးနှစ်ယောက် အချုပ်ခန်းထဲက လွတ်ဖို့အရေး ခဲရာခဲဆစ် လိုက်လံပြောဆို တောင်းပန်ပြီး ပြန်ထုတ်ခဲ့ပါတယ်။
ဒီကနေ့ခေတ် စစ်ကောင်စီတပ် ဖြစ်လာစေဖို့ တချိန်တခါက စစ်တပ်ဟာ အခုလို အပြုအမူမျိုးနဲ့ ရွာတရွာမှာ ဖြစ်ပျက်ခဲ့တာပါ။ တခြားတခြားသော အကြောင်းချင်းရာတွေလည်း ရှိနေဦးမှာပါ။
ရွာတရွာမှာ သက်ကြီးစကားသက်ငယ်ကြားစေတဲ့ စကားဝိုင်းတွေထဲ ကြားရတဲ့အသံတခုက “စစ်တပ်က ဉာဏ်နီဉာဏ်နက် တအားများတာ” လို့ မကြာခဏပြောဆိုကြပါတယ်။
ဒီကနေ့မှာတော့ မထူးတတပ်က မထူးဇာတ်ခင်းလို့နေပါတယ်။ ဘူးစင်က ဘူးသီးတွေကို ဖျက်ဆီးရုံတင်မဟုတ်တော့ပါဘူး။ စပါးကျည်က သိုလှောင်သိမ်းဆည်းထားတဲ့ စပါးတွေကိုပါ မီးရှို့ဖျက်ဆီးပါတယ်။ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးပါတယ်။ တောရွာတွေက အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်တွေပါမကျန် အကုန်မီးရှို့ ဖျက်ဆီးပါတယ်။
စားသောက်လို့ရတဲ့အရာတွေကို တဝမ်းတခါးစားသောက် ယူငင်ကြလို့အပြီးမှာ မပျက်ပျက်အောင် ဖျက်ဆီးကြပါတယ်။ မကုန်ကုန်အောင် မီးရှို့ဖျက်ဆီးကြပါတယ်။ စစ်တပ်ကနေ စစ်ကောင်စီတပ်ဖြစ်လာတဲ့ အဖွဲ့အစည်းတခုကို တိုင်းသူပြည်သားတွေ စက်ဆုပ်ရွံရှာလာပါတယ်။ အဲဒီစစ်ကောင်စီတပ်ဟာ ကျေးရွာတွေကိုစစ်ကြောင်းထိုး တွေ့ရာကိုမီးရှို့ဖျက်ဆီးတာတွေ လုပ်တဲ့အပြင် မပြေးနိုင်မလွှားနိုင်သူတွေ အိမ်မှာကျန်ခဲ့ရင်တောင် အလွတ်မပေးဘဲ မီးရှို့သတ်ဖြတ်တာတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။
လူမဆန်တဲ့လုပ်ရပ်တွေကို နေ့စဉ်နဲ့အမျှလုပ်နေတာဖြစ်လို့ သူတို့ကို “ခွေးတွေ” “ခွေးတွေကို ကြောက်ရတယ်” “စစ်ခွေးတွေက စစ်ကြောင်းထိုးလာရင်း တွေ့ကရာအကုန်မီးရှို့ကြတာ” “ခွေးတွေရန်က အတော်လေးကြောက်ရပါတယ်” လက်နက်ကိုင် ရမ်းကားနေတဲ့သူတွေကို ခွေးအဖြစ်နဲ့ပဲ သတ်မှတ်ခေါ်ဝေါ်လာကြပါတော့တယ်။
မထူးတတပ် စစ်တပ်အဖြစ်နဲ့ သန္ဓေတည်လာပြီး မထူးဇာတ်ခင်းနေကြတဲ့ စစ်ကောင်စီတပ်ရဲ့ လူသားမဆန်တဲ့လုပ်ရပ်တွေကို ခါးစည်းခံနေကြရသူတွေကတော့ ကျေးတောရွာတွေက သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်သည်တွေနဲ့ ဒေသခံတွေပဲ ဖြစ်ပါတယ်။
တာပလု
မှတ်ချက်။ ။ မှတ်စုစာအုပ်ထဲက ဆရာကြီးမန်းကြာလှိုင်အကြောင်း အဘွား ဒေါ်ရင်မေ မကွယ်လွန်ခင်ကပြောပြတဲ့အကြောင်း ကောက်နုတ်ရေးသားထားတာ ဖြစ်ပါတယ်။