တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာနယ်မြေမှာ အိမ်ထောင်စုစာရင်း ကောက်ထားတဲ့ အိမ်တွေကို မကြာခဏ လာရောက်စစ်ဆေးသွားမှာဖြစ်ကြောင်း ရပ်ကွက်ရာအိမ်မှူးက ပြောဆိုခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
မြိတ်တောင်ကျေးရွာနယ်မြေ ရာပြည့်ရပ်ကွက်မှာ မတ် ၁၄ ရက်က အိမ်ထောင်စုစာရင်း ပေးဖို့သွားတဲ့ ရပ်ကွက်နေပြည်သူတွေကို ရာအိမ်မှူးက ပြောဆိုခဲ့တာဖြစ်ပြီး စာရင်းကောက်ပြီးတဲ့ နေအိမ်တွေကို တပတ်တခါ၊ နှစ်ပတ်တခါ ပုံမှန်လာရောက်စစ်ဆေးမယ်လို့ ပြောဆိုခဲ့ကြောင်း ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ရာအိမ်မှူးအိမ်မှာ စာရင်းသွားပေးရတာပါ။ သူတို့ အထက်ကလူကြီး ပြောတာတဲ့၊ အိမ်ထောင်စုစာရင်းထဲမှာ ရှိတဲ့လူအတိုင်း အိမ်မှာရှိလားဆိုတာ တပတ်တခါ၊ နှစ်ပတ်တခါ လာလာစစ်မယ်။ သူတို့စစ်လို့ ဒီလူမရှိရင် ဘယ်လပိုင်းမှာ အရောက်ပြန်ခေါ်ပေးပါ၊ အရောက်ပြန်လာရမယ်ဆိုပြီး ပြောတယ်။”
အိမ်ထောင်စုစာရင်းထဲမှာ ပါရှိတဲ့လူစာရင်းအတိုင်း လာရောက်စစ်ဆေးသွားမှာဖြစ်ပြီး အကြောင်းတခုခုနဲ့ ခရီးသွားလာနေရသူတွေနဲ့ နယ်တွေဘက်ကို ရောက်နေသူတွေရှိပါက ဘယ်လ၊ ဘယ်ချိန်လောက်မှာ နေအိမ်ကို အချိန်မီ ပြန်လာရမယ်ဆိုပြီး အသိပေး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားရှိတဲ့ နေအိမ်တွေကိုလည်း စစ်မှုထမ်းဖို့ စစ်သင်တန်းတက်ရမယ်၊ သင်တန်းပြီးရင်လည်း သူတို့က ပြန်ခိုင်းတဲ့အချိန်ကျရင် ပြန်ရမယ်၊ ပြီးရင် သူတို့လိုအပ်တဲ့အချိန် ခေါ်လိုက်မယ်ဆိုပြီး ပြောခဲ့တယ်လို့ ဆိုပါတယ်။
မြိတ်မြို့မှာ ပြီးခဲ့တဲ့ မတ် ၆ ရက်ကစပြီး အခြေခံလူတန်းစားတွေ အများဆုံးနေထိုင်ကြတဲ့ မြိတ်တောင်နယ်မြေထဲက ရပ်ကွက်တွေမှာ အိမ်ထောင်စုစာရင်း လိုက်လံကောက်ယူတာနဲ့ ကျား၊ မ လူဦးရေ အတိအကျ ကောက်ခံတာတွေ စတင်လုပ်ဆောင်လာတာလို့ မြို့ခံပြည်သူတွေက ဆိုပါတယ်။
“ရပ်ကွက်ထဲမှာ တအိမ်တက် တအိမ်ဆင်း လိုက်ကောက်တယ်။ ကျား၊ မ ဘယ်နှဦးရှိတယ် ဆိုပြီး လာကောက်တယ်။ ကျား၊ မ လူဦးရေကိုပဲ ပြောပေးပါဆိုပြီး အဲ့လောက်ပဲပြောတယ်။ နာမည်စာရင်း သီးသန့်ကောက်တာတော့ မရှိဘူး။”
ဒါ့အပြင် မြိတ်မြို့အတွင်းရှိ လူစည်ကားရာ နေရာတွေဖြစ်တဲ့ ကုန်စျေးတန်းတွေဘက်မှာ စစ်ကေင်စီလက်အောက်ခံ လူတချို့က လက်ကမ်းစာစောင် လိုက်ဝေနေတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြု ထုတ်ပြန်ပြီးနောက် မကြာမီမှာပဲ စစ်ကောင်စီက တနင်္သာရီတိုင်းအတွင်း မြို့နယ်နဲ့ ခရိုင်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့တွေကို ဖွဲ့စည်းလိုက်တယ်လို့ ပြောဆိုခဲ့တာကြောင့် တိုင်းအတွင်းရှိ လူငယ်တွေကြား စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။