Home
မြန်မာသတင်း
ဘွမ်ရေတောင်စခန်းကို KIA သိမ်းပိုက်၊ စစ်ကောင်စီတပ်သားများ အလံဖြူထောင် ထွက်ပြေး
DVB
·
March 15, 2024
BOMYAL_15032024

KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက ဘွမ်ရေ စစ်ကောင်စီစခန်းကြီးကို ဒီနေ့ မတ် ၁၅ ရက် မွန်းလွဲ ၁ နာရီကျော်လောက်က လိုင်ဆင်ဘက်ရှိ လီဆူပါဂဖိုပို့စ်ကို နေ့လယ် ၁၂ နာရီခွဲခန့်က သိမ်းလိုက်ကြောင်း KIA ရှေ့တန်းအသိုက်အဝန်းဆီက သိရပါတယ်။

ရှေ့တန်းသတင်းရင်းမြစ်တဦးက “ဘွမ်ရေ သိမ်းလိုက်ပြီ။ ဘွမ်ရေက စစ်ကောင်စီတွေ ဒီမနက်ကတည်းကတောင် ထွက်သွားကြတာကို ကျနော်တို့ဘက်က ရှိနေသေးမယ်ထင်လို့ ချက်ချင်း တပ်စခန်းထဲ မဝင်ဘဲနဲ့ ဖြည်းဖြည်းချင်းပဲ ဝင်လာလို့ အချိန်နည်းနည်းကြာသွားတာ။ မွန်းလွဲ ၁ နာရီ ကျော်ကျော်မှ သိမ်းလိုက်နိုင်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ချတာမပါဘဲ ဗန်းမော်လမ်းဘက်ပေါက်တဲ့ နားလုံ၊ ရှဒန်ပါ အဆင်းလမ်းဘက် အောက်လုံရော့ခ် (Lung Rawk) ဆိုတဲ့ နေရာဘက်ကနေ ထွက်ပြေးသွားတာလို့ ပြောပါတယ်။

“စစ်ကောင်စီတွေ အထွက်လမ်းဘက် ထွက်လာရင်လည်း ကျနော်တို့ဘက်ကလူတွေ အပြည့်ပဲ။ ကုန်မှာ၊ ကျန်မှာမဟုတ်ဘူး။ အဲဒီ အောက်လုံရော့ခ်က နိမ့်သွားပြီ။ အောက်ဘက် ဖြစ်သွားပြီ။ အဲဒီ လုံရော့ခ်က စစ်ကောင်စီ‌တွေတောင် မရှိတော့ဘူးထင်တယ်။ ထွက်သွားလောက်ပြီ။” 

ဒီနေ့ သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီစခန်းနှစ်ခုလုံးမှာ အင်အားဘယ်လောက်ရှိသလဲ ဆိုတာတော့ အတိအကျ မသိသလို နှစ်ဖက်ထိခိုက်မှုနဲ့ သိမ်းဆည်းရရှိမှု အခြေအနေလည်း မသိရသေးဘူးလို့ ဆိုပါတယ်။

နောက်ထပ် ရှေ့တန်းသတင်းရင်းမြစ်တဦးက “ဘွမ်ရေစစ်ကောင်စီစခန်း သိမ်းပြီ။ အလံဖြူ ထောင်ထားပြီး ထွက်ပြေးသွားကြတယ် ဘွမ်ရေက စစ်ကောင်စီတွေ။ ကျနော်တို့က အထင်ကြီးပြီး ဝိုင်းပြီး ပိတ်ဆို့ထားတာ။ သတိထားပြီး တက်လာကြည့်တော့ လူတောင်မရှိတော့ဘူး” လို့ ပြောပါတယ်။

အဲဒီ ဘွမ်ရေ စစ်ကောင်စီစခန်းဟာ တပ်မ ၈၈ တပ်မမှူး ထိုင်တယ်လို့ သိရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လိုင်ဆင်ဘက်က လီဆူပါဂျို စစ်ကောင်စီပို့စ်ကို ဒီနေ့ မတ် ၁၅ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းအဖွဲ့က သိမ်းလိုက်ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတဦးကလည်း ပြောပါတယ်။

“နာဖော့နားက ဗန္ဓုလပို့စ် ဟုတ်တယ်။ အဲဒါ မနက်က ရှင်းလင်းလိုက်ပြီ။ မနေ့ညကတည်းက အားလုံး ထွက်သွားကြတာနေမယ်။ အဲဒါလည်း Confirm တယ်။”

ဘွမ်ရေတောင်ကြောကိုတော့ မတ် ၇ ရက် မနက် ၄ နာရီဝန်းကျင်လောက်ကစပြီး KIA နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက စတင်ထိုးစစ်ဆင် တိုက်ခိုက်ပြီး ဝိုင်းဝန်းပိတ်ဆို့ထားရာ တပတ်အကြာမှာ သိမ်းပိုက်နိုင်ခဲ့ကာ လိုင်ဇာအနီးဝန်းကျင်မှာ နာဖော့စစ်ကောင်စီစခန်းနဲ့ အောက်လုံရောခ့် စစ်ကောင်စီစခန်းသာ ရှိတော့တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013