Home
မြန်မာသတင်း
စစ်မှုထမ်းရန် လူစာရင်းကောက် ဆင့်ခေါ်မှုများကြောင့် မိသားစုများ စိုးရိမ်မှုမြင့်တက်
DVB
·
March 15, 2024
ARMY_15032024

စစ်မှုထမ်းဥပဒေဆိုင်ရာ လူစာရင်းကောက်ယူတာ၊ ဆင့်ခေါ်တာတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်နေတာကြောင့် လူငယ်တွေနဲ့ မိသားစုတွေအကြားမှာ စိုးရိမ်စိတ်တွေ မြင့်တက်နေပါတယ်။

နအဖအစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့တာပါ။

မတ်လဆန်းကစပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ အိမ်ထောင်စုဝင်စာရင်းတွေ အသေးစိတ် လိုက်ကောက်နေတာ၊ ဆင့်ခေါ်တာ၊ စစ်သင်တန်းကျောင်းတွေ ပြင်ဆင်ပြီးကြောင်း စစ်ကောင်စီက ထုတ်ပြန်တာတွေကြောင့် ရန်ကုန်မြို့က လူငယ်တွေနဲ့ မိသားစုတွေအကြားမှာ စိုးရိမ်စိတ်တွေ မြင့်တက်နေပါတယ်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို တရားဝင် အတည်ပြုကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း ရန်ကုန်က မြို့နယ်တချို့မှာ စစ်မှုထမ်းရမယ့်သူစာရင်းကောက်ပြီး ရပ်ကွက်ရုံးတွေမှာ လူတွေ့ခေါ်ယူနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်မြို့ခံလူငယ်တဦးက “တအိမ်မှာ လူဘယ်နှစ်ယောက်ရှိတယ်ဆိုတာလောက်ပဲ လိုက်ကောက်သေးတယ်။ ဖောင်တွေ ဘာတွေနဲ့ လိုက်ကောက်တာတော့ မရှိသေးဘူး။ အိမ်မှာလည်း လာကောက်ပြီးသွားပြီ။ အဲ့ဒါကျတော့ ဒီအိမ်မှာ လူဘယ်နှစ်ယောက်ရှိလဲ၊ ပြီးရင် အသက်အရွယ်အပိုင်းအခြား အဲ့ဒါတွေပဲ မေးသွားတယ်။ ကျန်တာတော့ ဘာမှမမေးဘူး။ ဘယ်လိုလုပ်လဲဆိုတော့ တချို့ကောင်တွေကတော့ ထိုင်းဒိုးကုန်ပြီ။ ပတ်စ်ပို့က ၉ လပိုင်းနောက်ပိုင်းမှရမယ်။ သွားတော့သွားနေကြတာပဲ အသည်းအသန်တွေ။ ပြောတော့သာပြောရတာ အခုကလည်း ခေါ်မယ်ဆိုရင်တောင်မှ ကြားရတာ သက်လတ်ပိုင်းလောက်ကနေ စခေါ်မယ်တော့ ကြားတယ်။ ပြောရမယ်ဆိုရင် ရပ်ကွက်စကားလိုမျိုးတော့ ဖြစ်နေတယ်၊ သိတယ်မို့လား ဟိုလူကတပေါက်ပြောလိုက် ဒီလူကတပေါက်ပြောလိုက်။ ပြီးတော့ အဓိက စာရင်းတွေကောက်နေတာကျတော့ ရန်ကုန်မြို့ပေါ်မှာ မဟုတ်ဘဲနဲ့ နယ်ဘက်တွေမှာ ပိုပြီးကောက်တာများတယ်။ စမတ်ကတ်တွေ လုပ်ဖို့ဆိုပြီးတော့လေ၊ မလုပ်မနေရဆိုပြီးတော့ အသည်းအသန်တွေ ပြန်ခေါ်ပြီးတော့ လုပ်ခိုင်းတာမျိုးပေါ့” လို့ ပြောပါတယ်။

ဒီအရေးကို နိုင်ငံတကာက လျစ်လျူမရှုဘဲ အရေးယူဆောင်ရွက်ပေးဖို့ မတ် ၁၃ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ကြေညာချက်ဟာ လူငယ်အားလုံးကို ပြည်တွင်းစစ်ထဲကို တွန်းပို့သလိုဖြစ်ခဲ့ပြီး လူငယ်တွေအတွက် အသက်ဘေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုတွေ ပိုရင်ဆိုင်လာရဖို့ ဖြစ်နေပါတယ်။

ရန်ကုန်မြို့ခံအမျိုးသမီးတဦးက “မိဘတွေကတော့ စိတ်ပူတာပေါ့နော်။ အိမ်မှာရှိပြန်တော့လည်း ဘယ်အချိန်များလာဆွဲမလဲ ကိုယ့်သားသမီးတွေကို။ သွားရင်းလာရင်းနဲ့ ဆွဲသွားမလား၊ ညဘက်အိပ်ရင်းနဲ့ လာဆွဲမလားဆိုတဲ့ စိုးရိမ်စိတ်ကြီးက အစောကြီးကတည်းကလည်း ဒီလိုမျိုးစိတ်နဲ့ နေခဲ့ရတာ။ အခုကျတော့ ဒီဥပဒေ ထုတ်လိုက်တော့ ပိုဆိုးသွားတယ်လေ။ မအိပ်နိုင် မစားနိုင်ဖြစ် မိဘတွေက။ အခုတခါ တောထဲကို သွားပြန်တော့လည်း လမ်းခရီးမှာ ဒုက္ခရောက်မလား ဆိုတဲ့စိတ်နဲ့။ တောထဲကို ရောက်သွားပြန်တော့လည်း လွတ်မြောက်နယ်မြေ ဆိုပေမဲ့လည်း စစ်ကောင်စီကို ပြန်တော်လှန်ဖို့ ရောက်သွားတာလေ။ အဲ့ဒီတော့ လက်နက်ကိုင်ရမှာလေ ဒီကလေးတွေက။ သူတို့အတွက် မိဘတွေက အချိန်ပြည့် ရတက်မအေးနိုင်ပါဘူး ပြောမယ်ဆိုရင်တော့” လို့ ပြောပါတယ်။

မန္တလေးမြို့မှာလည်း အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်မှာ လူစာရင်းတွေ ကောက်ပြီး စစ်မှုထမ်းရမယ့်အထဲ ပါဝင်တာမို့ ခရီးမသွားကြဖို့ အုပ်ချုပ်ရေးမှူးတွေက လိုက်ပြောနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီကတော့ ပြည်တွင်းမှာကျန်ရစ်တဲ့ လူငယ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထိန်းချုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်ကြိုးစားနေတာပါ။

အီလက်ထရောနစ် EID စမတ်ကတ်တွေ ပြုလုပ်ဖို့ ဖိအားပေးတာတွေလည်း ရှိနေပြီး နောက်ပိုင်းမှာဆိုရင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့လုပ်ရာမှာ EID ရှိမှ ရမယ့်အခြေအနေလည်း ဖြစ်နေပါတယ်။

ရန်ကုန်မြို့ခံလူငယ်တဦးက “စမတ်ကတ်ဆိုတာက ပြောရမယ်ဆိုရင် မှတ်ပုံတင်လိုပဲ၊ သူကကျ အီလက်ထရောနစ် EID ပေါ့။ ကိုယ့်ရဲ့ကုတ်နံပါတ်ကို ရိုက်ထည့်လိုက်ပြီဆိုရင် ဒီလူရဲ့ ပြစ်မှုရှိမရှိ၊ ဒီလူက ဘယ်မှာနေတယ် ဘာညာပေါ့ အဲ့လိုမျိုးလုပ်တဲ့ သဘောပါပဲ။ အခု ပတ်စ်ပို့ရုံးမှာလည်း သတင်းတွေ ထွက်လိုက်သေးတယ်၊ EID မပါရင် မရဘူးတို့ ဘာတို့။ ဒါပေမဲ့ နောက်ပိုင်းသွားတဲ့သူတွေကတော့ ရတယ်လို့တော့ ပြောတယ်။ ရိုးရိုးမှတ်ပုံတင်ရှိရင် ရတယ်လို့ပြောတယ်။ အခုစောင့်ကြည့်နေတာပေါ့နော်။ အခု စမတ်ကတ်တွေ ဘာတွေက လက်လှမ်းမီသလောက်ပေါ့နော် ၈ မိုင်ဘက်မှာ ရပ်ကွက်ရုံးတွေမှာ ခေါ်ပြီး လုပ်နေတာတော့ ငါးလ ခြောက်လလောက်ရှိပြီ။ အဲ့ထက်တောင် နည်းနည်းပိုရင် ပိုလိမ့်မယ်။ နည်းနည်းကြာပြီပေါ့။ နယ်ဘက်တွေမှာကျတော့ အသည်းအသန်ကြီးတွေ၊ နယ်ဝေးရောက်တယ် ဆိုရင်တောင်မှ အတင်းပြန်ခေါ်ပြီး လုပ်ခိုင်းတာမျိုးတွေ အဲ့လိုမျိုးတွေလုပ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက စစ်မှုထမ်း သင်တန်းကျောင်းတွေကို ပြင်ဆင်တာတွေ ပြုလုပ်ပြီးပြီလို့ မတ် ၄ ရက်မှာ ပြောဆိုထားပါတယ်။

မတ် ၁၃ ရက်က ရန်ကုန်တိုင်းထဲက မရမ်းကုန်း၊ မင်္ဂလာတောင်ညွန့်၊ ဒလ၊ ဒေါပုံ၊ ဆိပ်ကြီးခနောင်တို၊ ဒဂုံမြို့သစ်(တောင်ပိုင်း) နဲ့ (အရှေ့ပိုင်း)၊ သင်္ဃန်းကျွန်းမြို့နယ်တွေက ရပ်ကွက်တချို့မှာ စစ်မှုထမ်းဖို့ အသက်ပြည့်မီသူတွေကို ရပ်ကွက်ရုံးကို ခေါ်ယူကာ မဲနှိုက်ရွေးချယ်တာတွေ ပြုလုပ်ခဲ့ပြီး ရပ်ကွက်တခုကို ငါးဦး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024