Home
မြန်မာသတင်း
ကျိုက်ဒုံဗျူဟာကုန်းကို KNLA သိမ်းပိုက်၊ ဗျူဟာမှူးအပါအဝင် စစ်သုံ့ပန်း ၆၀ ကျော် ဖမ်းမိ
DVB
·
March 14, 2024
KNLA_14032024

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ စစ်ကောင်စီ ဗျူဟာကုန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က မတ် ၁၄ ရက် ဒီနေ့ညနေမှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNLA တပ်မှူးတဦးက DVB ကို ပြောပါတယ်။

အဆိုပါ ကျိုက်ဒုံဗျူဟာကုန်းဟာ ကြာအင်းဆိပ်ကြီးမြို့နယ် အရှေ့ဘက်မှာ တည်ရှိပြီး တနင်္သာရီတိုင်းအခြေစိုက် စကခ ၁၃ လက်အောက်ခံ ၅၆၀ တပ်ရင်းက တပ်သားတွေနဲ့ အထိုင်ချထားကာ ရှေ့၊ နောက်၊ တောင်၊ မြောက်မှာလည်း တပ်ရင်း ၄ ခုရှိတယ်လို့ ဆိုပါတယ်။

အဆိုပါဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေက မတ် ၁၂ ရက်က ၁၄ ရက် ဒီနေ့ညနေအထိ ၃ ရက်ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ကျိုက်ဒုံဗျူဟာကုန်း သိမ်းပိုက်ခဲ့မှုမှာ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး အောင်ကျော်စိုး အပါအဝင်  စစ်သုံ့ပန်း ၆၀ ကျော်ကို ဖမ်းမိခဲ့တယ်လို့ KNLA တပ်မှူးက ပြောပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

ကျိုက်ဒုံဗျူဟာကုန်းမှာ ၁၉၉၇ ခုနှစ်ကတည်းက စစ်တပ်က တပ်စွဲထားတာဖြစ်ပြီး နှစ်ပေါင်း ၃၀ နီးပါးအကြာမှာ တော်လှန်ရေးတပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။

မတ် ၇ ရက် မနက် ၁၀ နာရီကျော်လောက်ကလည်း သင်္ကန်းညီနောင်အခြေစိုက် ခမရ ၃၅၅ တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာမှာ ည ၆ နာရီခွဲမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေနဲ့  မြို့သိမ်းတိုက်ပွဲတွေ  ဆက်လက်ဆင်နွှဲနေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013