ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ကို မတ် ၁၃ ရက် မနက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီးနဲ့ အကြိမ်များစွာ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ကချင်လွတ်မြောက်ရေးတပ် (KIA) ထိန်းချုပ်ခဲ့တဲ့ အောင်မြေ ၁၊ အောင်မြေ ၂ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “မနက် ၇ နာရီလောက်က လက်နက်ကြီးနဲ့ စပစ်တာ။ ဝိုင်းမော်အခြေစိုက် ခလရ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနားဘက်ကနေ လက်နက်ကြီးနဲ့ပစ်တာ အချက်ရေမနည်းဘူး။ လေယာဉ်နဲ့လည်း နှစ်ကြိမ် ဗုံးကြဲသွားတယ်။ ရွာအစွန်ကိုတော့ လက်နက်ကြီးတွေကျတယ်။ ထိခိုက်မှုတော့ သေချာမသိရဘူး” လို့ ပြောပါတယ်။
အောင်မြေ ၁ ကျေးရွာကို ကချင်လွတ်မြောက်ရေးတပ် (KIA) က မတ် ၈ ရက်မှာ ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီဘက်က လေယာဉ်ပစ်ကူတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတဲ့အတွက် အရပ်သားပြည်သူ ထိခိုက်မှုရှိလို့ မတ် ၉ ရက်မှာ KIA က တပ်ဆုတ်ထားခဲ့ပေမဲ့ စစ်ကောင်စီတပ်က ပစ်ခတ်မှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ အောင်မြေ ၂ ကျေးရွာက ဒေသခံပြည်သူ ၉၀၀ လောက်ကို ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) နဲ့ ဘာသာရေးခေါင်းဆောင်တွေက မတ် ၁၃ ရက် နေ့လယ်ပိုင်းမှာ ဘေးလွတ်ရာ ရွှေ့ပြောင်း ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။