ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံ-လဲချားလမ်းမှာ ကားနဲ့ဆိုင်ကယ်တိုက်မှု ဖြစ်ပွားပြီး ဆိုင်ကယ်စီးသူနှစ်ဦးထဲက တဦးသေဆုံးခဲ့တယ်လို့ ဒေသခံတဦးထံက သိရပါတယ်။
မတ် ၁၃ ရက် မွန်းလွဲ ၁၂ နာရီက ဖြစ်ပွားခဲ့ပြီး ဝမ်နောင် ဝမ်ကုန်းရွာအနီးမှာ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။
မျက်မြင်တွေ့ရှိသူတဦးက “ရှေ့က ကားလာတာကို မမြင်လို့ ဆိုင်ကယ်က ကားကိုကျော်ဖို့ လုပ်တာ။ အဲဒါနဲ့ ရှေ့ကလာတဲ့ကားနဲ့ မျက်နှာချင်းဆိုင် တိုက်မိတာ။ ဆိုင်ကယ်ပေါ်ပါသူတဦးက ပွဲချင်းပြီး သေသွားတယ်။ နောက်တဦးကျ ခြေထောက်တဖက် ကျိုးသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူ ရုပ်အလောင်းကို ရွာသားတွေက ပင်လုံမြို့ ရင်ခွံရုံကို ပို့ပေးခဲ့ပြီး ဒဏ်ရာရသူကိုလည်း ပင်လုံမြို့ဆေးရုံ ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသားဖြစ်ပြီး နန့်လင်ရွာဒေသခံဖြစ်တယ်လို့ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကား၊ ဆိုင်ကယ် မတော်တဆမှုကြောင့် အခု မတ်လ တလအတွင်း သေဆုံးသူ ၁၁ ဦးရှိပြီလို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတဦးထံက သိရပါတယ်။