ထိုင်းနိုင်ငံမှာ ကလေးမွေးဖွားနှုန်း ကျဆင်းလာနေပြီး သက်ကြီးရွယ်အိုဦးရေ တိုးပွားလာတဲ့အပေါ် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားရင်းမြစ်လုံခြုံရေးဆိုင်ရာ ဝန်ကြီး ဗာရာဝတ်ဆီလ်ပါး အာရာချာက သတိပေးလိုက်ပါတယ်။
မတ် ၇ ရက်က ဘန်ကောက်မြို့မှာ “ထိုင်းမိသားစုဘဝ တည်ငြိမ်အေးချမ်းရေးနဲ့ လူဦးရေအကျပ်အတည်းကို ကျော်လွှားနိုင်စေခြင်း” ခေါင်းစဉ်နဲ့ ကျင်းပတဲ့ အလုပ်ရုံဆွေး နွေးပွဲမှာ ခုလိုပြောလိုက်တာလို့ ထိုင်းနိုင်ငံထုတ် သည်နေရှင်းသတင်းမှာ ဖော်ပြပါတယ်။
ပြောင်းလဲလာတဲ့ လူဦးရေဖွဲ့စည်းပုံကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မူဝါဒတွေ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ဖို့ လိုအပ်နေတယ်လို့ ဝန်ကြီးက ပြောပါတယ်။
သက်ကြီးရွယ်အိုဦးရေ တိုးပွားလာတာက ထိုင်းနိုင်ငံရဲ့ လုပ်သားအင်အားကို ဆိုးဆိုးဝါးဝါး ထိခိုက်လာစေပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ လူသားရင်းမြစ်လုံခြုံရေးနဲ့ ထိုင်းပြည်သူ တွေရဲ့ ယေဘုယျကျန်းမာရေးအခြေအနေတွေကိုလည်း ထိခိုက်စေနိုင်တယ်လို့ ဝန်ကြီး ဗာရာဝတ်က ထောက်ပြထားပါတယ်။
တကယ်လို့သာ ဒီလိုလူဦးရေဆိုင်ရာ ပြဿနာတွေ ဆက်လက်ပြီးတော့ ဖြစ်နေဦးမယ်ဆို ရင် လာမယ့် ၂၀၃၇ ခုနှစ်အရောက်မှာ ထိုင်းနိုင်ငံရဲ့ ကလေးသူငယ်ဦးရေ အချိုးအစားဟာ ၁၄ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းလာမှာဖြစ်ပြီး သက်ကြီးရွယ်အိုဦးရေ အချိုးအစားကတော့ ၂၉ ဒသမ ၈၅ ရာခိုင်နှုန်းအထိ တိုးလာနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဒီနည်းနဲ့ နောင်လာမယ့် နှစ်ပေါင်း ၆၀ အရောက်မှာတော့ ထိုင်းနိုင်ငံရဲ့ လူဦးရေ ၃၂ သန်းလောက်ထိ ထက်ဝက်လောက် ကျဆင်းသွားလိမ့်မယ်လို့လည်း ဝန်ကြီးက သတိ ပေးထားပါတယ်။
အဆိုပါ စိန်ခေါ်မှုတွေကို ရှောင်ရှားနိုင်ဖို့ကတော့ ထိုင်းနိုင်ငံသားတွေအနေနဲ့ ရင်သွေး ကလေးတွေ ပိုမိုမွေးဖွားကြဖို့ လိုအပ်တယ်လို့ပြောပေမဲ့ နိုင်ငံသားအများစုကတော့ မသေချာမရေရာမှုတွေ၊ အလုပ်ပုံစံတွေ ပြောင်းလဲမှုနဲ့ ဝင်ငွေမညီမျှမှုတွေကြောင့် ကလေးမယူလိုကြပါဘူး။
ဒါ့အပြင် ထိုင်းနိုင်ငံမှာ အိမ်ရာနဲ့ လမ်းပန်းဆက်သွယ်ရေးကအစ လူနေမှုစရိတ်အထိ အရာအားလုံးဟာ အလွန်ဈေးကြီးတာကြောင့် မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ကလေး မလိုချင်ကြတဲ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးအကျပ် အတည်းက တကိုယ်တည်းနေထိုင်ဖို့နဲ့ ကလေးမယူဖို့ ဆုံးဖြတ်ချက်ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။
ဒါတွေကို ကျော်လွှားနိုင်ဖို့အတွက်ဆိုရင်တော့ ထိုင်းအစိုးရအနေနဲ့ ပြည်သူတွေကို လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ အသိပညာတွေကို ဖြည့်ဆည်းပေးနိုင်မယ့် ပြည့်စုံတဲ့ မူဝါဒတွေ ချမှတ်ဖို့ လိုအပ်ပြီး ဒါက ဒီနေ့ခေတ်လုပ်သားအင်အားရဲ့ အစိတ်အပိုင်းတခု ဖြစ်နိုင်မယ်လို့ ဝန်ကြီး ဗာရာဝတ်က ပြောပါတယ်။
Source: Nation Thailand