Home
မြန်မာသတင်း
သင်္ကန်းညီနောင်နှင့် လက်ခတ်တောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
DVB
·
March 13, 2024
ArmyAirStrike_13032024

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ပတ်ဝန်းကျင်နဲ့ လက်ခတ်တောင်ကို စစ်ကောင်စီတပ်က မတ် ၁၃ ရက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

သင်္ကန်းညီနောင်မြို့ ပတ်ဝန်းကျင်၊ ခမရ ၃၅၅ နဲ့ လက်ခတ်တောင်ကို စစ်ကောင်စီတပ်က ဒီနေ့  မွန်းလွဲ ၂ နာရီကနေစပြီး အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

မြဝတီဒေသခံတဦးက “သင်္ကန်းညီနောင်ဘက်က အဆက်အသွယ်ရတာတော့ တောက်လျေှာက် ဗုံးကြဲနေတာပဲတဲ့။ အိမ်တွေလည်း ထိတယ်ကြားပေမဲ့ ဘယ်သူမှ ထွက်မကြည့်ရဲလို့ ထိခိုက်မှုတွေတော့ မသိဘူး။ လက်ခတ်တောင်ကို ၂ နာရီကျော်မှာ ကြဲသွားတာ။ အခု တောင်ပေါ်မှာ မီးတွေပါ ထလောင်နေတာ။ သာသနာ့နယ်မြေဆိုတော့ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်” လို့ ပြောပါတယ်။

လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မြဝတီမြို့တွင်း တိုက်ပွဲတွေ ဖြစ်ပွားလာမှာ‌ကို စိုးရိမ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတဦးက ပြောပါတယ်။

“မျက်စိအရှေ့နားမှာပဲ လက်ခတ်တောင်ကို ကြဲသွားတာ မြေပါတုန်တယ်။ အခု တောင်ပေါ်မှာ မီးတွေလောင်နေတယ်။ အခုလက်ရှိ မြဝတီထဲမှာပဲ စစ်ဘေးရှောင်က ၄,၀၀၀ လောက် ရှိနေတာ။ မြို့ထဲမှာ တိုက်ပွဲတွေဖြစ်သွားရင်တော့ လက်ရှိနေတဲ့သူတွေကော စစ်ရှောင်တွေကော ဘယ်ကိုထွက်ပြေးရမှန်းတောင် မသိပါဘူး။ ဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်တဲ့အတွက် ပြင်တော့ ပြင်ဆင်နေပါတယ်။”

သင်္ကန်းညီနောင်မှာ နှစ်ဖက်ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၅ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိထားကာ သင်္ကန်းညီနောင်မြို့၊ ရွာသစ်ကျေးရွာ၊ မဲကနယ်၊ ဖားကျောင်း၊ မြစန္ဒီနဲ့ အနီးနားကျေးရွာ‌တွေက လူ ၅,၀၀၀ ခန့်  စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဩဂုတ်ကလည်း စစ်ကောင်စီက လက်ခတ်တောင်ကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် သာသနာပိုင်အဆောက်အဦများစွာ ပျက်စီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013