ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုမြို့ရှိ အဓိက ဘတ်စ်ကားဂိတ်ကြီးမှာ လူနှစ်ဦးကို ပစ်သတ်ပြီး တခြားလူ ၁၇ ဦးကို သုံးနာရီကြာ ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ အမည်မသိ အမျိုးသားတဦးကို ဘရာဇီးရဲတပ်ဖွဲ့က မတ် ၁၂ ရက်မှာ ဖမ်းမိခဲ့ပြီး ဓားစာခံတွေ အားလုံးလည်း ပြန်လွတ်မြောက်ခဲ့ပါတယ်။
မီနာရှရွိုက်စ်ပြည်နယ်ရှိ ယူအစ်ဇ် ဒယ်ဖော်ရာမြို့ကို ထွက်ခွာဖို့ စီစဉ်ထားတဲ့ ဘတ်စ်ကားဟာ အင်္ဂါနေ့ မွန်းလွဲပိုင်းက ဘူတာရုံပလက်ဖောင်းမှာ စောင့်ဆိုင်းနေတုန်း သံသယရှိသူဟာ ဘတ်စ်ကားအပြင်ဘက်မှာ လူနှစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ပြီးတော့ ဘတ်စ်ကားထဲ ဝင်လာခဲ့တာဖြစ်ကြောင်း အဲဒီပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ အပါအဝင် ဓားစာခံ ၁၇ ဦးကို ဖမ်းဆီးထားတဲ့ အဲ့ဒီအမျိုးသားနဲ့ အထူးစစ်ဆင်ရေးအေးဂျင့်တွေ ညှိနှိုင်းခဲ့ပြီး သုံးနာရီလောက် အကြာမှာတော့ အဲ့ဒီအမျိုးသားဟာ လက်နက်ချကာ ရဲတပ်ဖွဲ့ဆီ သူကိုယ်တိုင် အဖမ်းခံခဲ့တယ်လို့ ရီယိုရဲဌာန ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
ဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးခဲ့ကြောင်း ဘရာဇီးရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ သေနတ်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံပို့ဆောင်ခဲ့ပြီး သူတို့ထဲက တဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အမိန့်ပေးချက်အရ ရီယိုဘတ်စ်ကားဂိတ်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အပြည့်အဝ ဆိုင်းငံ့ထားတယ်လို့ အင်္ဂါနေ့အစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ကားဂိတ်မှာလည်း ခရီးသည်တွေဟာ ခရီးသွားလာမှု ခွင့်ပြုတဲ့ အချက်အလက်တွေ အသစ်ထုတ်ပြန်မှုကို စောင့်ဆိုင်းရင်း သောင်တင်နေကြပါတယ်။
Source/Photo-REUTERS/Pilar Olivares