Home
နိုင်ငံတကာ
မက္ကဆီကို အစိုးရရှေ့နေရုံးကို ကျောင်းသားများ တိုက်ခိုက်
DVB
·
March 13, 2024
Mexican police who allegedly killed student escapes as peers protest

မက္ကဆီကိုသမ္မတ အန်ဒရေးစ် မာနူယယ်လ် လိုပက်ဇ်အိုဘရာဒေါဟာ ပြီးခဲ့တဲ့သီတင်းပတ်က ကျောင်းသားတဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ရဲအေးဂျင့်တယောက်ကို ဖမ်းဆီးထားရာကနေ လွှတ်ပေးလိုက်ပြီးနောက် မတ် ၁၂ ရက်မှာ ကျောင်းသားတွေဟာ ဂွါရဲရိုအစိုးရရှေ့နေရုံးရဲ့ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပါတယ်။

ဂွါရဲရိုပြည်နယ် တောင်ပိုင်းရှိ အယော့ထ်ဇီနာပါကျောင်းမှ ကျောင်းသားတွေနဲ့ ကျောင်းသားအဖွဲ့အစည်းက အဖွဲ့ဝင်ကျောင်းသားတွေဟာ ရုံးခြံဝင်းအတွင်းကို ဝင်ရောက် စီးနင်းမှုကြောင့် မော်တော်ယာဉ် ၁၁ စီး ပျက်စီးခဲ့ပြီး ရဲ အယောက် ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ် ၇ ရက်က ပြည်နယ်ရဲတပ်ဖွဲ့ဟာ မော်တော်ကားတစီးနဲ့ ကျေးလက်ဒေသက ကျောင်းသားတွေကို ပစ်ခတ်လိုက်ရာမှာ အသက် ၂၃ နှစ်အရွယ် ယန်ကွီကိုသန်ဂိုမဲ့ဇ် သေဆုံးသွားပြီး တခြားနှစ်ဦးကို ဖမ်းဆီးကာ ကျန်နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက ဆူပူအုံကြွ မငြိမ်မသက် ဖြစ်နေခဲ့တာပါ။

သမ္မတ လိုပက်ဇ် အိုဘရာဒေါက အဲဒီသတ်ဖြတ်မှုဟာ အခွင့်အာဏာကို အလွဲသုံးစားလုပ်တာပဲလို့ တနင်္လာနေ့မှာ ရှုတ်ချခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

“အယော့ထ်ဇီနာပါ ကျောင်းက ကျောင်းသားငယ်တဦး အသတ်ခံရမှုအတွက် တာဝန်ရှိတဲ့ ရဲအရာရှိက လွတ်မြောက်သွားတဲ့ကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်းနဲ့ အဲဒီရဲဟာ တာဝန်ဝတ္တရားတွေနဲ့ သက်ဆိုင်တဲ့ ပြစ်ချက်တွေကို ရင်ဆိုင်ရမှာဖြစ်ကြောင်း” သမ္မတ အိုဘရာဒေါက ပြောပါတယ်။

သူဟာ အုပ်ချုပ်ရေးပိုင်းအရ ဖမ်းဆီးခံရပေမဲ့ စည်းမျဥ်းစည်းကမ်းတွေအရ လွတ်မြောက်သွားတာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။

၂၀၁၄ ခုနှစ်က မက္ကဆီကိုမှာ ကျောင်းသား ၄၃ ဦး ပျောက်ဆုံးမှုကို ဆန္ဒပြတဲ့ အုပ်စုတစုက သမ္မတအိမ်တော်ရဲ့ တံခါးချပ်ကို ဖြိုချခဲ့ပြီးလို့ နောက်တရက်အကြာမှာပဲ ကျောင်းသားလေး သေဆုံးမှု ဖြစ်ခဲ့ရတာပါ။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013