ဆွစ်ဇာလန်နိုင်ငံ မက်တာဟွန်တောင်အနီးမှာ နှင်းလျှောစီးသမား ၅ ယောက် သေဆုံးနေတာကို တွေ့ရှိအပြီးမှာ နောက်ထပ် ပျောက်ဆုံးနေသူတွေကို ရဟတ်ယာဉ်တွေနဲ့ ပိုက်စိပ်တိုက် ပျံသန်း ရှာဖွေနေ ကြပါတယ်။
ဗယ်လေ့ကန်တွန်ဒေသက တမိသားစုထဲမှ နိုင်ငံဖြတ်ကျော် နှင်းလျှောစီးသမား ၅ ဦးဟာ မတ်လ ၉ ရက်က ဇာမတ်- အာရိုလာ လမ်းကြောင်းလေးပေါ်က တက်ဘလွန့်ရှ် တောင်တဝိုက်မှာ ပျောက်ဆုံးသွားခဲ့တာပါ။
နှင်းလျှောစီးသူ အုပ်စုမှာ အသက် ၂၁ နှစ်မှ ၅၈ နှစ်ကြားရှိ လူတွေ ပါ၀င်ပေမဲ့ သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာ ပြောကြားခြင်းမရှိဘဲ တရားဝင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
မတ်လ ၁၀ ရက်မှာ သေဆုံးလျက်သားတွေ့ရှိခဲ့သူ ၅ ဦးရဲ့ သေဆုံးရခြင်း အကြောင်းရင်းကို အာဏာပိုင်တွေက ထုတ်ဖော်ပြောကြားခြင်း မရှိပေမဲ့ နှင်းထုပြိုကျမှုတွေ၊ နှင်းမုန်တိုင်းတွေနဲ့ ပြင်းထန်တဲ့ အပူချိန်တွေနဲ့အတူ ‘ကပ်ဘေး’ အခြေအနေတွေကို ဖော်ပြခဲ့ပါတယ်။
ဒါဟာ လတ်တလောနှစ်ပိုင်းအတွင်း ဆွစ်စ် အဲလ်ပ်စ်တောင်တန်းမှာ လူအသေအပျောက် အများဆုံး ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။
ဆွစ်ဇာလန်နဲ့ အီတလီကြား နယ်နိမိတ်မှာ ကမ္ဘာတဝန်းမှ နှင်းလျှောစီးသူတွေအတွက် ရေပန်းစားတဲ့ ဇာမတ်တောင်ပေါ်အပန်းဖြေစခန်းကို အသွားလမ်းဟာ နှင်းပြိုကျမှုကြောင့် တစိတ်တပိုင်း နစ်မြုပ်သွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
နှင်းပြိုကျမှုအန္တရာယ်တွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် အာဏာပိုင်တွေက အထူးသတိထားဖို့ တိုက်တွန်းထားပြီး သီတင်းပတ်ကုန်ကလည်း ဒီနယ်မြေမှာပဲ သီးခြားဖြစ်ရပ်တခုမှာ တခြားနှင်းလျှောစီးသမားတဦး သေဆုံးခဲ့ပါသေးတယ်။
Source/Photo-Police Cantonale Valaisanne/REUTERS