တရုတ်နိုင်ငံမြောက်ပိုင်း ဟော့ဘေးပြည်နယ်က စားသောက်ဆိုင်တဆိုင်မှာ မတ် ၁၃ ရက်က အပြင်းအထန် ပေါက်ကွဲခဲ့လို့ လူတဦးထက်မနည်း သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရတယ်လို့ အစိုးရမီဒီယာ CCTV သတင်းဌာနက ထုတ်ပြန်ပါတယ်။
ပေကျင်းမြို့တော်ကနေ မိုင် ၅၀ အကွာ စန်းဟော့မြို့နယ်က ကြက်ကြော်ရောင်းတဲ့ စားသောက်ဆိုင်မှာ ဒေသစံတော်ချိန် မနက် ၈ နာရီက ပေါက်ကွဲမှုဟာ ဓာတ်ငွေ့ယိုစိမ့်လို့ ဖြစ်တာလို့ သံသယရှိတဲ့အကြောင်း CCTV က ပြောပါတယ်။
အဆောက်အဦမျက်နှာစာ ပျက်စီးပြီး မှန်ကွဲတွေ လမ်းပေါ်ပြန့်ကျဲနေတာကို ဖြတ်သွားတဲ့ကားရဲ့ ဒက်ရှ်ဘုတ်ပေါ်ကနေ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ တွေ့ရပါတယ်။
အနားက အဆောက်အဦတွေနဲ့ ပတ်ဝန်းကျင်က လမ်းအခင်းအကျင်းတွေကို ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ပုံရိပ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးရာမှာ တူညီနေလို့ ရုပ်သံစစ်မှန်မှုကို အတည်ပြုနိုင်ခဲ့ပါတယ်။
စန်းဟော်မြို့ အရေးပေါ်စီမံရေးဗျူရိုက အခင်းဖြစ်နေရာကို စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ခဲ့ပါတယ်။
ပေါက်ကွဲတဲ့နေရာမှာ မီးသတ်တပ်ဖွဲ့လည်း ရောက်နေတယ်လို့ လန်ဖှုန့်မြို့ အရေးပေါ် စီမံရေးဗျူရိုက လူမှုကွန်ရက်မီဒီယာပေါ်မှာ ပြောထားပါတယ်။
Source/Photo-Reuters