Home
မြန်မာသတင်း
ကျိုက်လတ်တွင် ဝန်ထမ်းများကို မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခိုင်း
DVB
·
March 13, 2024
Kyaik Lat Electronic Vote SAC_13032024

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက်ဆိုပြီး ဝန်ထမ်းတွေကို ဖိအားပေးခေါ်ယူကာ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်နဲ့ လက်တွေ့စမ်းသပ် မဲပေးခိုင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်ထောက်ခံသူတွေ၊ ထွေအုပ်ဝန်ထမ်းတွေ၊ စည်ပင်ဝန်ထမ်းတွေ၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်း၊ သဘာဝဘေးစီမံ စတဲ့ဝန်ထမ်းတွေကို ခေါ်ယူပြီး မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်နဲ့ လက်တွေ့ စမ်းသပ်မဲပေးတာတွေကို မတ်လ ဒုတိယအပတ်ကနေ စတင်လုပ်ဆောင်နေတာပါ။

စစ်ကောင်စီဝန်ထမ်းတွေနဲ့ နီးစပ်သူတဦးက “ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဦးဆောင်လုပ်တာ၊ ဝန်ထမ်းတွေကို မဖြစ်မနေ လာပြီး လက်တွေ့စမ်းသပ်မဲပေးဖို့ ခေါ်တာ။ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု မဲပေးခိုင်းတာ။ မလာရင် မလာတဲ့သူရဲ့ အပြစ်လို့ ပြောခေါ်တာပဲ” လို့ ပြောပါတယ်။

ကျိုက်လတ်မြို့ခံတဦးက “ရွေးကောက်ပွဲလုပ်မယ်၊ ရွေးကောက်ပွဲလုပ်မယ် တကဲကဲ လုပ်နေတာပဲ။ အရပ်သားတွေကို စစ်မှုထမ်းကိစ္စနဲ့ ဖိအားပေးထားပြီး ရွေးကောက်ပွဲအတွက် အခုလို ဝန်ထမ်းတွေကို ထပ်ဖိအားပေးနေတာ။ စကစကလုပ်မယ့် ရွေးကောက်ပွဲကို ဘယ်ပြည်သူတဦးတယောက်ကမှ အသိအမှတ်မပြုဘူး၊ စိတ်လည်းမဝင်စားဘူး၊ အယုံအကြည်လည်း မရှိဘူးလေ။ အခုလို မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်နဲ့ မဲပေးခိုင်းတာက စကစက သူတို့လုပ်မယ့် ရွေးကောက်ပွဲမှာ မဲခိုးဖို့ ဦးဆောင်လုပ်နေတာလို့ပဲ မြင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက သူတို့လုပ်မယ့် ရွေးကောက်ပွဲ အပါအဝင် နိုင်ငံတော်အခမ်းအနားတွေနဲ့ တခြားအစီအစဉ်တွေမှာ ပူးပေါင်းပါဝင်လုပ်ဆောင်ခြင်း မရှိတဲ့သူတွေကို အဆင့်ဆင့် စာရင်းပြုစု တင်ပြခိုင်းထားပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယအပတ်ကလည်း ဟင်္သာတခရိုင်ထဲက မြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကတဆင့် အရပ်သားတချို့နဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကို ဖိအားပေး ခေါ်ယူကာ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်နဲ့ မဲပေးခိုင်းခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024