မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာမှာ ကလေးငယ် ယောကျ်ားလေး တဦး ကားကြိတ်မှုဖြစ်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ်လ ၁၃ ရက် မနက် ၇ နာရီခွဲလောက်က ဝဲကလိကျေးရွာ ကားလမ်းမမှာ အဘွားဖြစ်သူက ကလေးချီပြီး ကားလမ်းဖြတ်ကူးစဉ် ကားတိုက်ခဲ့တာပါ။
အသက် ၂ နှစ်အရွယ် ကလေးငယ်က လမ်းမပေါ် ပြုတ်ကျပြီး ထင်းတင်တဲ့ ကားက ကြိတ်မိသွားတဲ့ အတွက် ဦးခေါင်းပွင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက “ကားလမ်းမှာဘဲ တဖက်ကမ်းလမ်းကို ကူးတာဗျ။ ထင်းကားက အလာတိုက်ပြီး ကြိတ်မိသွားတာဗျ။ ကလေးကတော့ ခေါင်းပွင့်ပြီးဆုံးသွားတယ်။ ကလေးချီလာတဲ့သူကတော့ ပွန်းပဲ့ဒဏ်ရာပဲ ရရှိသွားတယ်” လို့ ပြောပါတယ်။
ထင်းကားမောင်းနှင်တဲ့ ယာဉ်မောင်းကိုတော့ သံဖြူဇရပ်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ အလောင်းကို သံဖြူဇရပ် ဆေးရုံကြီးမှာ ထားရှိပါတယ်။