ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ဝါးလုံးချောင်၊ ရှုခင်းသာလမ်းမှာ မတ်လ ၁၂ ရက် ညနေ ၃ နာရီကျော်လောက်က စစ်ရှောင်နေအိမ်တွေ မီးလောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့တွင်း ဒေသခံပြည်သူ ၁ သိန်းကျော်ဟာ နှစ်ဖက်တိုက်ပွဲတွေ၊ စစ်ကောင်စီတပ်ရဲ့ မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒီကနေ့အထိ တိမ်းရှောင်နေရပြီး စစ်ရှောင်နေအိမ်တွေ နေ့တိုင်းလိုလို မီးလောင်နေတယ်လို့ ဆိုပါတယ်။
မြို့ခံတဦးက “မီးဘာကြောင့် လောင်တယ်ဆိုတာ မသိရဘူး။ မီးတောက်မြင်မှ မီးလောင်မှန်း သိရတာ။ ညနေပိုင်းရောက်ရင် မီးလောင်တာ ပုံမှန်ဖြစ်နေပြီ။ မီးလောင်လဲ ထွက်မငြှိမ်းရဲဘူး။ အပစ်ခံရမှာကြောက်လို့။ မြို့က ဘယ်နေရာကြည့်ကြည့် အပျက်အစီးတွေဖြစ်ကုန်ပြီ”လို့ ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေရာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီလောက်က အမှတ် ၅ ရပ်ကွက် ကျူလီယာတန်းက နေအိမ် ၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တဲ့အနီးမှာ ထပ်မံမီးလောင်ခဲ့တာလို့ မြို့ခံတွေက ပြောတယ်။
မတ်လ ၁၁ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် မီးလောင်ဗုံးတွေနဲ့ ဒရုန်းဗုံးကြဲချခဲ့ရာ အထက်ရွာအတွင်း နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ညနေ့ ၄ နာရီလောက်က အမှတ် ၆ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရုပ်ရှင်ရုံအနီးက နေအိမ်တွေ ထပ်မံမီးလောင်ခဲ့တာကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။