ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ချောင်းတိုက်နယ်မှာ မတ် ၁၂ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် လေးလုံး ပျက်စီးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ရမ်းဗြဲမြို့နယ်၊ ကျောက်ချောင်းတိုက်နယ်၊ သပြုချိန်ရွာကို မနေ့ နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က Y-12 ထောက်ပို့လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ်တွေနဲ့ နွားတကောင် ထိခိုက်သေဆုံးခဲ့တယ်လို့ ရွာခံတဦးက ပြောပါတယ်။
“တပ်တော်က ဗမာစစ်သားတွေကို အပြီးတိုက်ထုတ်လိုက်တော့ သူတို့ဘက်က လေကြောင်းနဲ့ Navy (ရေတပ်)က ပြန်တိုက်နိုင်တော့တာလေ။ အိမ်က လေးလုံးပျက်စီးတာပေါ့။ ဦးမောင်ကျန်ဖြူရဲ့ နွားမတကောင်လည်း ဗုံးစထိပြီး သေတယ်။ အရင်က ရမ်းဗြဲမြို့ထဲကိုပဲ လေယာဥ်နဲ့ ပစ်နေကြတာ။ အခု ရွာတွေဘက် ရောက်လာတော့ စိုးရိမ်တာပေါ့။”
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့နယ်၊ ကျောက်ချောင်းတိုက်နယ်၊ သပြုချိန်ကျေးရွာက ဦးထွန်းရွှေ၊ ဦးကျော်ထွန်း၊ ဒေါ်သိန်းစိန်နုနဲ့ ဦးမောင်ညွန့်တင်တို့ရဲ့ နေအိမ်တွေကို ဗုံးစထိမှန်ကာ ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ မတ် ၁၁ ရက် မနက် ၁၁ နာရီလောက်က ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးသုံးလုံး ကြဲချခဲ့တာကြောင့် ငပြီချောင်းကျေးရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်မအုံးရွှီရဲ့ ညာဘက်ခြေထောက် ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ရက္ခိုင့်တပ်တော် (AA) အနေနဲ့ သုံးလနီးပါးတိုက်ပွဲအပြင် စစ်ကောင်စီတပ်က ထောင်ထားတဲ့ စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းအန္တရာယ် ကင်းစေဖို့အတွက် မိုင်းရှင်းလင်းရေး အစီအစဉ်တွေ ပြုလုပ်နေတဲ့အတွက် စစ်ဘေးတိမ်းရှောင်နေတဲ့ ရမ်းဗြဲမြို့ခံတွေကို မြို့အတွင်းဝင်ရောက်မှု အလျင်စလို မပြုလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
Photo - ဒေသခံတဦး