Home
မြန်မာသတင်း
ကျိုက်ထိုတွင် ဆိုင်ကယ်ရပ်မပေးသဖြင့် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၊ လူငယ် ၂ ဦး သေဆုံး
DVB
·
March 12, 2024
kyeik 1232024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အဝင် သံတံတားရွာ တံတားပေါ်မှာ ဆိုင်ကယ်မရပ်ပေးတဲ့ လူငယ် ၃ ဦးကို စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ကြားရှိ သံတံတားရွာ တံတားပေါ်မှာ မတ် ၁၁ ရက် မွန်းလွဲ ၃ နာရီလောက်က ဘီလင်းဘက်‌ကနေ ဆိုင်ကယ်မောင်းလာတဲ့ လူငယ် ၃ ဦးကို စစ်ကောင်စီတပ်သားတွေက စစ်ဆေးဖို့ ရပ်ခိုင်းပေမဲ့ မရပ်ဘဲ မောင်းပြေးတာကြောင့် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ပေါ်ပါလာတဲ့ အသက် ၃၀ ကျော်အရွယ် ဟူစိန်နဲ့ အသက် ၂၈ နှစ်အရွယ် ဂျိုးသိန်းတို့ သေဆုံးခဲ့ပြီး အသက် ၂၈ နှစ်အရွယ် ချစ်ကိုက ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

ဘီးလင်းဒေသခံတဦးက “ဘီးလင်းကနေ သူတို့နေတဲ့ တောင်စွန်းကို ပြန်အလာ သံတံတားဂိတ်မှာ ဆိုင်ကယ်ရပ်ခိုင်းတာ မရပ်ဘဲ ဆက်မောင်းလို့ တံတားပေါ်မှာပဲ လက်နက်ကြီးနဲ့ ထုထည့်လိုက်တာ။ တ‌ယောက်ဆို တံတားပေါ်ကနေ အောက်ပါ ပြုတ်ကျသွားတယ်။ ၃ ယောက်လုံး မျက်နှာတွေ ကိုယ်လုံးတွေပေါ်မှာ ဒဏ်ရာတွေနဲ့ စုတ်ပြတ်သပ်နေတာပဲ။ အမှန်ဆို ဒီဘက်တံတားအဝင်ဂိတ်က တားမရရင် ဟိုဘက်အထွက်ဂိတ်မှာ ဖမ်းလိုက်လို့ရတာကို။ လက်နက်ကြီးပစ်လိုက်တယ်ဆိုတာပဲ သိတာ၊ ဘယ်လိုအမျိုးအစားလဲတော့ မသိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူ ၂ ဦးနဲ့ ဒဏ်ရာရရှိသူ ၁ ဦးတို့ကို ဘီးလင်းပြည်သူ့ဆေးရုံ ပို့‌ဆောင်ထားပြီး သေဆုံးသူ ၂ ဦးရဲ့အလောင်း မရရှိသေးသလို ဒဏ်ရာရရှိသူကိုလည်း မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

သံတံတားစစ်ဆေးရေးဂိတ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်တပ်စွဲနေထိုင်ပြီး လမ်းတလျှောက် သွားလာနေတဲ့ ကားတွေကို ငွေကြေးကောက်ခံနေသလို ပြည်သူတွေ‌ကိုလည်း ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013