Home
မြန်မာသတင်း
မောင်တောရှိ ကျေးရွာချင်းဆက်လမ်းများကို စစ်ကောင်စီတပ် ဖျက်ဆီး
DVB
·
March 11, 2024
Road1_11032024
Road_11032024

ရခိုင်ပြည်နယ်၊ မောင်တောမြို့နဲ့ ကျေးရွာတွေကို ချိတ်ဆက်ပြီးတော့ အများပြည်သူတွေ သွားလာနေတဲ့ ကျေးရွာချင်းဆက်လမ်းတွေကို စစ်ကောင်စီ တပ်ရင်းတွေက လက်နက်ကြီးပစ်ခတ်တာ၊ တံတားတွေကို မိုင်းခွဲဖျက်ဆီးတာတွေကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

မောင်တောမြို့နဲ့ အနီးအနား ရွာတဝိုက်က ကျေးရွာတွေကို ချိတ်ဆက်ထားတဲ့ မောင်တော-ဇူလရွာလမ်းကို မတ်လ ၉ ရက်က မောင်တောမြို့၊ မြို့သူကြီး နခခ ၅ မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၂၆၃ က စစ်ကောင်စီတပ်သားတွေဟာ လမ်းတွေကို ပြည်သူတွေ အသုံးပြုလို့မရအောင် ဖျက်ဆီးပစ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အဓိကတော့ မောင်တောမြို့ကို အေအေတပ်တွေ ဝင်မလာရအောင်ဆိုပြီးတော့ စစ်ကောင်စီတပ်တွေက လမ်းတွေ၊ တံတားတွေကို အဓိကထားပြီးတော့ အသုံးပြုလို့ မရအောင် လုပ်လိုက်တာ။ မြိုကိုလည်း သွားလို့မရ အနီးနားက ရွာတွေကိုလည်း ပစ္စည်းဝယ်ဖို့ သွားမရတော့ အကုန်လုံးက ရွာတရွာထဲမှာ ပိတ်မိသလိုဖြစ်နေတာ။”

မောင်တော-ဇူလလမ်းဟာ မောင်တောမြို့အနီးတဝိုက်က ဒေသခံပြည်သူတွေ သွားလာတဲ့အခါမှာ အများဆုံး အသုံးပြုတဲ့လမ်း ဖြစ်ပြီး စစ်ကောင်စီဘက်ကနေ အခုလို ဖျက်ဆီးလိုက်တာကြောင့် မောင်တောမြို့ အနီးတဝိုက်က ပြည်သူတွေဟာ သွားရေးလာရေးအပြင် ကုန်ပစ္စည်းသယ်ယူခွင့် စတာတွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ မောင်တောဒေသခံတဦးက ပြောပါတယ်။

“ဒီ ဇူလလမ်းက အနီးအနားရွာတဝိုက်ကလူတွေ မောင်တောမြို့ကို သွားတဲ့အခါ မဖြစ်မနေ အသုံးပြုရတဲ့လမ်း ဖြစ်တယ်။ ဒီလမ်းကို စစ်ကောင်စီတပ်သားတွေကနေ ဖျက်ဆီးလိုက်တော့ မောင်တောမြို့ကိုလည်း သွားလို့မရတော့ဘူး။ ကားတွေပါ သွားလို့မရတော့ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူဖို့ အတော်အဆင်မပြေ ဖြစ်နေတယ်။”

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ စစ်တွေမြို့နယ်က မင်းချောင်းတံတား အပါအဝင် ကျောက်တော်မြို့နယ်က ကစ္ဆပနဒီတံတားနဲ့ မအီမြို့နယ်မှာရှိတဲ့ မအီချောင်းတံတား၊ ကျောက်ကြီး ပေါက်တံတားကိုလည်း လေယာဥ်နဲ့ လာရောက်ပစ်ခတ်တာ၊ မိုင်းခွဲတာတွေ လုပ်လိုက်တာကြောင့် ရန်ကုန်-စစ်တွေ ကားလမ်း အပါအဝင် ဒေသတွင်း မြို့နယ်ချင်းဆက်စပ်နေတဲ့ လမ်းတွေနဲ့ ကျေးရွာဆက်လမ်းတွေပါ ပျက်စီးသွားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်‌ရေးအရ ရှုံးနိမ့်မှုတွေနဲ့အတူ အရေးပါတဲ့ တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေ အပါအဝင် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စစ်ရေးအရ အချက်အချာကျတဲ့ မြို့တွေကို လက်လွှတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီဟာ ပြည်သူတွေ အဓိက အသုံးပြုတဲ့ လမ်းတွေ၊ တံတားတွေကို ပစ်မှတ်ထား ဖျက်ဆီးနေပြီး အရပ်ဘက် ပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်တင်တင် ကျူးလွန်နေပါတယ်။

၅ လတာနီးပါး ကြာြမင့်လာပြီဖြစ်တဲ့ ရခိုင်တကျော့ပြန်စစ်ပွဲတွေမှာ ရက္ခိုင့်တပ်တော် (အေအေ) ဘက်ကနေ စစ်ရေးအရ အရေးသာမှုနဲ့အတူ ရခိုင်ပြည်နယ်က မြို့နယ် ၇ မြို့ကို သိမ်းပိုက်ထားတာကြောင့် စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကို လက်လွှတ်ဆုံးရှုံးမယ့် အရေးနဲ့ ကြုံတွေ့နေရတာကြောင့် ရခိုင်ပြည်နယ်က ပြည်သူတွေပိုင်ဆိုင်တဲ့ နေအိမ်၊ ဈေးတွေ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေပါတယ်။

စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လက်ပိုက်ပြီး ကြည့်မနေကြဖို့နဲ့ အရေးယူမှုတွေ ပြုလုပ်ကြဖို့ ရက္ခိုင့်တပ်တော်က တောင်းဆိုထားပြီး ရခိုင်ဒေသတွင်း စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီအနေနဲ့ လုပ်ရပ်တိုင်းကို တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝ ရှိရမှာဖြစ်ပြီး စစ်ခုံရုံးတင်ကာ ထိရောက်တဲ့ အပြစ်‌ပေးအ‌ရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ အေအေက်က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013