မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြတ်စံကြီးကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတဦးကို မတ် ၁၀ ရက် ညက သေနတ်သမားတွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ မြတ်စံကြီးကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် ဦးရွှေလှဦးကို မတ် ၁၀ ရက် ည ၈ နာရီခန့်က သူ့နေအိမ်အောက်ထပ်မှာပဲ အမည်မသိ သေနတ်သမားတွေက ပစ်ခတ်ခဲ့ပါတယ်။
သေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးရွှေလှဦးရဲ့ ညာဘက်ရင်အုံနဲ့ ဆီးခုံတို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ပြီး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
သထုံဒေသခံတဦးက “သူက အိမ်အောက်မှာထိုင်နေတုန်း သေနတ်သမား ၂ ယောက်က လာပစ်သွားတာ။ စစ်တပ်နဲ့ပေါင်းနေတယ်ဆိုပြီး လာပစ်သွားတာလို့တော့ ကြားရတယ်။ သေချာတော့ ကျနော်တို့လည်း မသိဘူး။ ဘယ်အဖွဲ့က ဘယ်သူတွေ လုပ်သွားတယ် ဆိုတာလည်း မသိပါဘူး” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ ဦးရွှေလှဦးရဲ့ ရုပ်အလောင်းကို ဒေသခံ လူမှုကူညီရေး အဖွဲ့အစည်းတခုက သထုံခရိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။
ဦးရွှေလှဦး ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ မထုတ်ပြန်သေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာမှာလည်း မတ် ၅ ရက်က ညီဖြစ်သူ ဦးမင်းမင်းကို သေနတ်သမားတွေက လာရောက်ပစ်ခတ်ခဲ့ပေမဲ့ မထိဘဲ လွတ်မြောက်သွားပြီး လေဖြတ်နေတဲ့ ဦးသင်းသင်းအောင်ကို ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။