နေပြည်တော်ကောင်စီနယ်မြေမှာ စစ်ရေးပြစစ်ကြောင်းအတွက် လုံခြုံရေးယူနေတဲ့ ရဲတပ်ကြပ်တယောက် မတ် ၁၁ ရက် ဒီမနက် ၆ နာရီခွဲမှာ ခရီးသည်တင်ယာဥ်တိုက်မိပြီး သေဆုံးသွားပါတယ်။
ဒီနေ့မနက် ၆ နာရီခွဲက ဇေယျာသီရိမြို့နယ် မအူတောကျေးရွာအုပ်စု စိမ်းစားပင်ကျေရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၂၂၇/၀ နဲ့ ၂၂၇/၁ ကြားမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ကြပ်တယောက်ကို ဒို့ညီနောင် ခရီးသည်တင်ယာဥ်က ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“လမ်းဘေးမှာ လမ်းလျှောက်နေတာ၊ ကားက ဝင်တိုက်တာ၊ နောက်စေ့ပွင့်သွားတယ်၊ ပွဲချင်းပြီးပဲ၊ ဖြစ်တဲ့နေရာမှာတင် သေသွားတာ၊ ယာဥ်မောင်းကိုတော့ ဖမ်းထားတယ်။”
တောင်ကြီး-နေပြည်တော် ပြေးဆွဲနေတဲ့ ဒို့ညီနောင် ခရီးသည်တင်ယာဥ်မှာ ရန်ကုန်-မန္တလေး လမ်းဟောင်း လမ်းဘေးမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ကြပ်သန်းလှိုင်ကို ဝင်တိုက်မိခဲ့တာလို့ မြို့နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ကားတိုက်ခံရပြီး သေတာ ရဲတပ်ကြပ်၊ ရှမ်းအရှေ့ကနေ နေပြည်တော်မှာ တာဝန်ကျတာ မကြာသေးဘူး၊ တပ်မတော်နေ့ စစ်ရေးပြ လာလျှောက်တဲ့သူတွေအတွက် လုံခြုံရေး ယူပေးရတာ၊ နောက်စေ့ပွင့်ပြီးသေသွားတာ၊ Dead Body ကို အမှတ် ၂ စစ်ဆေးရုံကို ပို့ထားတယ်။”
လတ်တလောမှာ ဇေယျာသီရိမြို့မရဲစခန်းက ဒို့ညီနောင်ယာဥ်လိုင်းမှ ယာဥ်မောင်း ခွန်အောင်ကျော်ကို အမှုဖွင့် အရေးယူဖို့ စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။