Home
မြန်မာသတင်း
ဗန်းမော်မြို့ကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ် အရပ်သားအချို့ ထိခိုက်သေဆုံး 
DVB
·
March 11, 2024
BanMaw shoot SAC_11032024

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို  စစ်ကောင်စီတပ်က အခုရက်ပိုင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးနားက ကျေးရွာတွေထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး အရပ်သားတချို့ သေဆုံး ဒဏ်ရာရ၊ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၇ ရက်ကနေ ၁၀ ရက်အထိ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့  နေ့ရောညပါ  ပစ်ခတ်နေတာကြောင့် ဗန်းမော်မြို့ ပေါင်ကုန်းရပ်ကွက်၊ ရိုးကြီးရပ်ကွက်နဲ့ ဗန်းမော်မြို့နယ်၊ စင့်ကင်ကျေးရွာ၊ စီအင်ကျေးရွာတွေမှာ ရွာသားတွေ သေကျေပျက်စီးခဲ့ရတာဖြစ်ပါတယ်၊၊

ဗန်းမော်မြို့ခံ တဦးက “စင့်ကင်ရွာဘက်မှာ လက်နက်ကြီးတွေဆက်တိုက်ကျတယ်။ နာရေးအိမ်က ပြန်လာတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီး တယောက်သေဆုံးတယ်။ စင့်ကင်ရွာ၊ သရက်ကုန်းတောရကျောင်းကိုလည်း လက်နက်ကြီးကျလို့ ပျက်စီးမှုတွေရှိတယ်။ စီအင်ရွာမှာလည်း လက်နက်ကြီးကျလို့ မိသားစုသုံးဦး စိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်”လို့ ပြောပါတယ်။

မတ်လ ၁၀ ရက်နေ့လယ်က မြို့ထဲက ရပ်ကွက်တွေထဲကို လက်နက်ကြီးကျည်ကျလို့  နေအိမ်ပျက်စီးခဲ့ပြီး ရိုးကြီး၊ ဗန်းမော်ဦးပိန်ဘက်မှာ လက်နက်ကြီးကျဉ် ၉ လုံးလောက် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

နောက်ထပ်ဒေသခံ တဦးကလည်း“ အခုတလော ဒေါ့ဖုန်းယန်ဘက်နဲ့ ဗန်းမော်-မြစ်ကြီးနားလမ်း တလျှောက်က စစ်ကောင်စီစခန်းတွေကို ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေ သိမ်းပြီးနောက်ပိုင်း မြို့ထဲမှာ အဖမ်းအဆီးတွေ များလာတယ်။ လက်နက်ကြီးတွေ မနားတမ်းပစ်ခတ်နေတာ။ စစ်ရှောင်ဦးရေတွေလည်း များလာတယ်”လို့ ပြောပါတယ်။

မတ်လ ၈ ရက်ညက  ဗန်းမော်တက္ကသိုလ်ရှိ ပါမောက္ခတွေနဲ့ ဆရာ၊ ဆရာမတွေ အပါအဝင် ကျောင်းသား ကျောင်းသူ ၄၀၀ ကျော်လောက်ကို စစ်ကောင်စီတပ်က ညဘက် ၃ မိုင် ရွှေပြည်သာဘက်ရှိ နည်းပညာ အထက်တန်းကျောင်းကို ပို့ဆောင်ခဲ့ကာ ဗန်းမော်တက္ကသိုလ်မှာ တပ်စွဲ အထိုင်ချထားပါတယ်။

တက္ကသိုလ်အနီးနားရှိ တာမိုင်းလုံ၊ မိုးဖိန်း၊ သာစည်၊ ရွှေစည်ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်နေထိုင်နေပြီး စစ်ရှောင်သွားကြတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေမှာရှိတဲ့ ပစ္စည်းတွေကို ဖျက်ဆီးတာနဲ့ ခိုးယူတာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024