ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်အပါအဝင် ၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၈ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က မင်းတပ်မြို့နယ်၊ အမှတ် ၁ တိုက်နယ်အတွင်း စစ်ကောင်စီတပ်က Su-35 ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတာ၊ ရော့ကက်၊ စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်နဲ့ အသက် ၃၅ အရွယ် အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမှတ် ၁ တိုက်နယ် စွန်တောင်ရွာက နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မင်းတပ် ဒေသခံတယောက်က “တိုက်နယ် ၁ ဘက်က ပြည်သူတွေနေတဲ့ ချောင်းဘေးက လယ်ကွင်းထဲကြဲသွားတာ။ ရွာအောက် ချောင်းဘေးက လယ်ထဲကျတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့ကလည်း တိုက်ပွဲမဖြစ်ပွားဘဲ မင်းတပ်မြို့နယ် တိုက်နယ် ၁၃ အတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။