စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က စစ်ဘေးရှောင်တွေဟာ အပူဒဏ်ကြောင့် ဖျားနာနေကြပြီး ဆေးဝါးတွေ လိုအပ်နေတယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ဆီက သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူ အများစုဟာ ရာသီဥတုပူတဲ့အတွက် အပူရှပ်ပြီး ဖျားနာနေကြတာကြောင့် သွားရောက် ကုသပေးခဲ့ပေမဲ့ ဆေးဝါးတွေ ပြတ်လပ်သွားလို့ ကုသပေးတာကို ရပ်ထားရတယ်လို့ စစ်ဘေးရှောင် အကူအညီပေးနေသူတွေက ပြောပါတယ်။
စစ်ရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ နာတာရှည်ရောဂါသည်၊ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အများဆုံးပါဝင်ပြီး စားနပ်ရိက္ခာ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့တာဝန်ခံက “ကလေးတွေ ဖျားနာတာတွေကို ကုသပေးခဲ့ပါတယ်။ တချို့က အားနည်းတာတွေ၊ အချို့က အကြောဆေးသွင်းရတာတွေ၊ ဖျားနာတာတွေ ရှိပါတယ်။ ဖျားတာတွေ များတယ်။ နေပူထဲ နေကြရတော့ အပူရှပ်ကြတာ။ စစ်ရှောင်တွေက အိမ်တွေမရှိ မီးရှို့ခံရတော့ တောထဲတွေ၊ ဘုန်းကြီးကျောင်းတွေ၊ မြစ်ကမ်းဘေးတွေမှာ တဲထိုးနေရတယ်။ ကိုယ်ဝန်ဆောင် မိခင်၊ ဆီးချိုသွေးချို၊ သွေးတိုး၊ ရောဂါအစုံပါပဲ။ အနာကြီးရောဂါသည်လည်း ပါပါတယ်။ နောက်ထပ်လည်း ကုသဖို့ ရှိပါတယ်။ နောက်ထပ်လည်း ကုသဖို့ရှိပါတယ်။ ဆေးဝါးတွေ ပြတ်ထွက်သွားလို့ မနိုင်တော့လို့ ရပ်လိုက်ရတာပါ” လို့ ပြောပါတယ်။
ဝက်လက်မြို့နယ်အတွင်းက သဲဘုတ်ကြီးရွာ၊ ရှိမ်းမကားရွာ၊ ရွာသစ်ရွာ၊ အင်ဒေါင်းရွာတို့က ပြည်သူတွေဟာ စစ်ဘေးရှောင်ရတာ ၃ လနီးပါးရှိနေပြီး နီးစပ်ရာကျေးရွာတွေနဲ့ ဧရာဝတီမြစ်ကမ်း တလျှောက်မှာ ယာယီနေထိုင်နေကြရတာ ဖြစ်ပါတယ်။
မတ် ၇ ရက်နေ့ ညပိုင်းကတည်းက ရွှေဘိုမြို့နယ် ကျောက်မြောင်း ခမရ ၁၂ နဲ့ ရွှေဘိုမြို့ပေါ်က စစ်ကောင်စီတပ် စစ်ကြောင်း ၂ ကြောင်းက အင်အား ၁၀၀ ကျော်နဲ့ ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။