ကရင်ပြည်နယ်၊ မြဝတီမြို့ ကုန်သွယ်ရေးဇုန်ကို မတ် ၉ ရက်ညနေက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အထည်ချုပ်စက်ရုံက အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့ကုန်သွယ်ရေးဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံတခုရဲ့ အလုပ်သမားတွေနေတဲ့နေရာကို မတ် ၉ ရက် ညနေ ၄ နာရီလောက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးစမှန်ကာ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မြဝတီဒေသခံတဦးက “မနေ့ ညနေက လက်နက်စမှန်ပြီး အထည်ချုပ်စက်ရုံက အမျိုးသမီး ၁ ယောက်သေပြီး အမျိုးသား ၄ ယောက် ဒဏ်ရာရတယ်။ အမျိုးသားတွေက အသက်အန္တရာယ် စိုးရိမ်ရတယ်။ ဆေးရုံရောက်မှ ကျနော်က သိတာဆိုတော့ ဘယ်အဖွဲ့က ပစ်လိုက်တာလဲတော့ မသိဘူး။ လက်နက်ကြီးကျတဲ့နေရာနားက သူတွေတောင် ဘယ်သူ ပစ်လိုက်မှန်း သေချာမသိဘူး။ ကုန်သွယ်ရေးဇုန်နားမှာ တိုက်ပွဲတွေဖြစ်ပြီး အလုံးကြီးတွေကော လေယာဉ်သံတွေက ကြားနေရတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးစ ထိမှန်ပြီး သေဆုံးခဲ့တဲ့ အမျိုးသမီးအလောင်းနဲ့ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသား ၄ ဦးတို့ကို ဒေသခံလူမှုကယ်ဆယ်ရေးအသင်းက မြဝတီခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်ကလည်း မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာ မြဝတီ-အာရှလမ်းမပေါ်ရှိ သဘာဝရိပ်သာတရားဆေးရုံကို ဗုံးဆန်ကျရောက်ခဲ့တာကြောင့် ၂ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
Photo - ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်း