စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့မှာ မတ် ၂ ရက်နေ့ကနေ မတ် ၉ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများနေတာကြောင့် လေကြောင်းကနေ နေ့တိုင်း ပစ်ခတ်နေပြီး ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
ညောင်ပင်ဝန်းရွာ ဒေသခံတယောက်က “တိုက်ပွဲကတော့ နေစဉ်ဖြစ်နေတာဗျ ။ စစ်တပ်ဘက်ကတော့ အကျအဆုံးများနေတယ်လို့ သိရတယ်။ သူတို့ စစ်ရှုံးနေလို့လည်း လေယာဉ်တွေနဲ့ နေ့တိုင်းပစ်နေတယ်ဗျ။ မတ် ၂ ရက်နေ့ကလည်း ပေါင် ၅၀၀ ဗုံးသီးတွေ၊ Rocket တွေ၊ စက်လက်နက်တွေနဲ့ လည်း ပစ်တယ်။ အရပ်သား ထိခိုက်တာကတော့ ကနီမြို့အတွင်းပြည်သူအများစု ထိခိုက်တာများတယ်ဗျ။ ကျနော်တို့ ကနီမြို့ဘေးက ကျေးရွာကပြည်သူတွေကိုတော့ ကနီမြို့ကို ဝင်မတိုက်ခင်တပတ်လောက်အလိုမှာ နေရပ်က အမြန်ထွက်ဖို့ သတိပေးလို့ အရင်ကြိုထွက်လာလို့ ထိခိုက်မှုနည်းတယ်။ စစ်ရှောင်နေရတာ ၁၅ ရက်ရှိနေပြီ။ ဒီနေ့ မတ် ၉ ရက်နေ့ နေ့လယ်ပိုင်းကလည်း တိုက်ပွဲဖြစ်ကြသေးတယ်။ နှစ်ဖက်ထိခိုက်မှုတော့ မသိရဘူး။ ညနေ ၄ နာရီကျော်အချိန်ကျတော့ လေယဉ်နဲ့ဗုံးကြဲသေးတယ်။ Rocket နဲ့လည်း ပစ်တယ် စက်လက်နက်နဲ့လည်း ပစ်တယ်” လို့ ပြောပါတယ်။
စစ်ရှောင်နေရတာ ရက်ကြာလာတာကြောင့် စစ်ရှောင်တွေအတွက် အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။
ကနီမြို့တွင်းတိုက်ပွဲအပြင် မတ် ၇ ရက်နေ့က ပုလဲ၊ အင်မထီးရွာကနေ စစ်ကူလာတဲ့ စစ်အုပ်စုနဲ့ ပျူပူးပေါင်းတပ်တွေနဲ့လည်း ကနီမြို့အနောက်ဘက် ၁ မိုင်အကွာမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တွေက ပြောပါတယ်။
ကနီပြည်သူ့ကာကွယ်ရေးတပ်ရင်းမှူးတယောက်က “သူတို့ ကနီမြို့ထဲမှာ စစ်ရှုံးလာတော့ စစ်ကူတွေနဲ့ တန်ပြန်ထိုးစစ်ဆင်လာတယ်။ မနေ့ မတ်လ ၈ ရက်နေ့ကလည်း စစ်ကူလာတဲ့ ကောင်တွေနဲ့လည်း တိုက်ပွဲဖြစ်သေးတယ်။ စစ်(-)ရော၊ ပျူရော ကျဆုံးတာများတယ်။ ဒီနေ့ တိုက်ပွဲလည်း စစ်(-)တွေဘက် ကျဆုံးတာများတယ်။ ကိုယ့်ဘက်ကတော့ ထိခိုက်မှု မရှိခဲ့ဘူး။ တိုက်ပွဲသတင်းအပြည့်စုံကတော့ ခရိုင်ပကဖနဲ့ NUG ကာကွယ်ရေးဝန်ကြီးဘက်က ထုတ်ပြန် ပေးပါလိမ့်မယ်ဗျ” လို့ ပြောပါတယ်။
ကနီမြို့အတွင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်က မတ် ၇ ရက်၊ ၈ ရက်နေ့မှာ ရပ်ကွက် ၃ ကပြည်သူ့နေအိမ်တွေကို မီးရှို့ခဲ့သလို လေယာဉ်နဲ့ပစ်ခတ်လို့ မြို့ပေါ်က နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ မတ် ၂ ရက်နေ့ကစပြီး ကနဲရွာ၊ ကျွန်းဖျားရွာ၊ စိန်ကုန်းရွာ၊ ညောင်ပင်ဝန်းရွာ၊ တဇယ်ချောင်ရွာ၊ မင်းကုန်းရွာ၊ ရှမ်းမြောင်းရွာ၊ ညောင်သူများရွာ စတဲ့ ရွာတွေက ပြည်သူထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။