ကချင်ပြည်နယ် ဗန်းမော်မြို့ပေါ်က ရောဘတ်ကချင်နှစ်ခြင်း ဘုရားကျောင်းဝင်းမှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က မတ် ၁၀ ရက်နေ့ မနက် ၁ နာရီလောက်မှာ သေနတ်ပစ်ဖောက် ဝင်ရောက်ပြီး စစ်ရှောင်ပြည်သူ ၁၆ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဗန်းမော်မြို့ခံတဦးက ပြောပါတယ်။
“ဒီမနက် ၁ နာရီလောက်မှာတဲ့ သေနတ်တွေ ပစ်ဖောက်ပြီး ဧည့်စာရင်းစစ်မယ်ဆိုပြီး ဝင်လာတာ။ တံခါးတွေ ကန်ဖွင့်ပြီးတော့ စခန်းထဲက ၁၆ ယောက်လောက်ကို ဖမ်းခေါ်သွားတာ။”
ဖမ်းခေါ်ခံရသူ ၁၆ ယောက်ဟာ အမျိုးသားတွေဖြစ်ပြီးတော့ အသက် ၁၇ နှစ်အရွယ် လူငယ်တဦးကတော့ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။
ရောဘတ်စစ်ရှောင်စန်းက ပြည်သူတွေဟာ ၂၀၁၁ ခုနှစ် တကျော့ပြန်တိုက်တွေကြောင့် လာရောက် တိမ်းရှောင်နေထိုင်နေကြတာဖြစ်ပြီး အိမ်ထောင်စု ၅၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ကလည်း ဗန်းမော်မြို့ မြစ်ဆုံဟိုတယ်က ဝန်းထမ်းတွေနဲ့ ဟိုတယ် ပိုင်ရှင်ကို စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။
မတ် ၇ ရက်နေ့ညမှာလည်း ဗန်းမော်တက္ကသိုလ်က အတွင်းဆောင်နေ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဗန်းမော်မြို့ ၃ မိုင် အထက်တန်း စက်မှုကျောင်းကို ရွှေပြောင်းနေထိုင်စေတယ်လို့ သိရပါတယ်။