Home
မြန်မာသတင်း
လက်နက်ကြီးထိပြီး ဗန်းမော်တွင် အမျိုးသမီး ၁ ဦးသေ၊ မြစ်ကြီးနား-ပူတာအို လမ်းပိတ်ထား
DVB
·
March 10, 2024
MyitKyiNa-PutaO block Road_10032024
SAC Cannon_10032024

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းကို မတ် ၈ ရက်နေ့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက် မြစ်ကြီးနား-ပူတာအိုလမ်းမှာလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်းက စင့်ကင်ကျေးရွာကို စစ်ကောင်စီတပ်က မတ် ၈ ရက် ညနေပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၅၀ အရွယ် ဒေါ်ဝင်းချစ် ထိမှန်သေဆုံးခဲ့ပြီး ပြည်သူတွေလည်း ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။

ဒေသခံတယောက်က “လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ပစ်နေတာ။ လက်နက်ကြီးထိတဲ့ အမျိုးသမီးက နာရေးအိမ်က ပြန်လာရင်းလမ်းမှာ လက်နက်ကြီးကျည်မှန်တာ။ ပြီးခဲ့တဲ့ရက်တွေက ရွာအပြင်ဘက်ကျပြီး အိမ်မွေးတိရစ္ဆာန်တွေ သေတာရှိတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနား-ပူတာအို လမ်းပိုင်းမှာလည်း တိုက်ပွဲတွေဖြစ်နေတာကြောင့် မတ် ၉ ရက်နေ့ကစပြီး လမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ မော်တော်ယာဉ်မောင်းတွေဆီက သိရပါတယ်။

ယာဉ်မောင်းတယောက်က “ကားလမ်းက ပိတ်လိုက်ပြီ။ တိုက်ပွဲဖြစ်နေလို့ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာ။ မြစ်ကြီးနားဆင်းမယ့်ကားတွေ ပူတာအိုတက်မယ့်ကားတွေ အကုန်နားလိုက်ရပြီ။ စစ်ရေးအခြေအနေအရ ကားလမ်းမထွက်ခိုင်းတာလို့ သိရတယ်။ ဘယ်နေ့ ပြန်ဖွင့်မလဲတော့ မသိရဘူး” လို့ ပြောပါတယ်။

KIA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲကြောင့် ပူတာအို-မြစ်ကြီးနား အတက်အဆင်းပြုလုပ်မယ့် မော်တော်ယာဉ်တွေဟာ ဆွမ်ပရာဘွမ်မြို့နယ်၊ ခင်ဒူးယန်ကျေးရွာမှာ ယာယီ ရပ်နားထားကြရပါတယ်။ 

မြစ်ကြီးနား-ပူတာအိုကားလမ်း၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မလိယန်ကျေးရွာက စစ်ကောင်စီတပ်စခန်းနဲ့ မြို့နယ်ရဲစခန်းကို မတ် ၈ ရက်နေ့မှာ ကချင်လွတ်လပ်ရေးတပ် KIA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013