Home
မြန်မာသတင်း
မိုးမောက်မြို့နယ် မဆဲန်ကုန်း စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
DVB
·
March 10, 2024
LaJarYan_10032024

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နားလုံကျေးရွာအုပ်စု၊ လဂျားယန်ရွာနားက မဆဲန်ကုန်း စစ်ကောင်စီတပ်စခန်းကို မတ် ၉ ရက်နေ့ မနက် ၁၀ နာရီခွဲကျော်လောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်တယ်လို့ ကေအိုင်အေ ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

ကေအိုင်အေရှေ့တန်းနဲ့ နီးစပ်သူ တယောက်က “လဂျားယန်ရွာအပေါ်က မဆဲန်ကောင် ဆိုတဲ့ စစ်ကောင်စီတပ် ဒီမနက် ၇ နာရီလောက်က တိုက်တာ ဒီနေ့ ၁၀ နာရီခွဲ ၁၁ နာရီလောက်မှာ အပြီးသတ် သိမ်းနိုင်ခဲ့ပြီ” လို့ မတ် ၉ ရက်နေ့က ပြောပါတယ်။ 

အဲဒီ မဆဲန်ကုန်း စစ်ကောင်စီ စခန်းမှာ စစ်ကောင်စီ အင်အား ခန့်မှန်းခြေ ၁၀၀ လောက် ရှိတယ်လို့ သူက ဆိုပါတယ်။ 

“လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဖုန်တထောင်းထောင်း ဖွတ်ဖွတ်ကြေအောင် ပစ်ပြီးမှ တခါတည်း

လူအင်အားနဲ့ လက်နက်ငယ်တွေရော ပြန်ထိုးစစ်ဆင် ဝင်ရောက်လာတော့ စစ်ကောင်စီတွေ မခံနိုင်လို့ ထွက်ပြေးကုန်တာ” လို့ သူက ဆက်ပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဲဒီ မဆဲန်ကုန်းစခန်းအနီးက လုံရော့ခ် (Lung Rawk) စစ်ကောင်စီတပ်စခန်းဘက် အကုန်ပူးပေါင်းသွားကြတယ်လို့လည်း သူက ပြောပါတယ်။ 

ဒီနေ့ မတ် ၁၀ ရက် မွန်းလွဲပိုင်းအထိတော့ သိမ်းပိုက်ရရှိထားတဲ့ လက်နက်တွေ သိမ်းဆည်း သယ်ယူနေဆဲ ဖြစ်ပြီး သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းပစ္စည်း အရေအတွက် မသိရသေးသလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာကိုလည်း အတိအကျ မသိရသေးဘူး လို့ ဆိုပါတယ်။ 

ဒါ့အပြင် လိုင်ဇာအနီးက ခယာတောင်က စစ်ကောင်စီ တပ်စခန်းကြီးကိုလည်း မတ် ၉ ရက်နေ့ မွန်းလွဲပိုင်းက သိမ်းပိုက်တာကြောင့် ခယာတောင်၊ ခယာခက် တို့မှာ စစ်ကောင်စီစခန်း မရှိတော့ဘူးလို့ နောက်ထပ် သတင်းရင်းမြစ်တယောက်က ပြောပါတယ်။ 

“ခယာတောင်က စစ်ကောင်စီတပ်စခန်းကို ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီ ၅၀ မိနစ်ခန့်က အပြီးသတ် အပြောင်သိမ်းလိုက်ပြီ။ နေရာယူလိုက်ပြီ။ ဘွမ်ရေတောင်မှာတော့ စစ်ကောင်စီစခန်း ကျန်နေ‌သေးတယ်” လို့ ပြောပါတယ်။ 

မတ် ၇ ရက်နေ့ကစလို့ ကေအိုင်အေနဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေဟာ လိုင်ဇာအနီးဝန်းကျင်နဲ့ မိုးမောက်မြို့နယ်၊ ဝိုင်းမော်မြို့နယ် ဗန်းမော် - မြစ်ကြီးနားလမ်းတလျှောက်က စစ်ကောင်စီတပ် စခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မတ် ၈ ရက်နေ့မှာ ဆွမ်ပရာဘွမ် မြို့နယ်ဘက်ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ။ 

ဖားကန့်မြို့နယ် တာမခန် စစ်ကောင်စီတပ်စခန်းကိုလည်း တိုက်ခိုက်နေဆဲဖြစ်ပြီး မတ် ၇ ရက်နေ့ကနေ မတ် ၉ ရက်နေ့ မွန်းလွဲပိုင်းအထိ သိသလောက် စစ်ကောင်စီတပ် ကာကင်း စခန်းတွေ အပါအဝင် စခန်း အကြီးအသေး ၂၀ သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013