Home
နိုင်ငံတကာ
ဟူသီသူပုန် ပစ်လွှတ်သည့် မောင်းသူမဲ့လေယာဉ် ၁၅ စင်းကို အမေရိကန် ပစ်ချ
DVB
·
March 10, 2024
shoot down Houthi drones_10032024

အမေရိကန်ရေတပ်သင်္ဘောတွေနဲ့ လေယာဉ်တွေဟာ ပင်လယ်နီဒေသထဲကို ဟူသီသူပုန်တွေ ပစ်လွှတ်လိုက်တဲ့ မောင်းသူမဲ့လေယာဉ် ၁၅ စင်းကို ပစ်ချခဲ့တယ်လို့ အမေရိကန်စစ်တပ် ဗဟိုဌာနချုပ် (CENTCOM) က မတ်လ ၉ ရက်မှာ ပြောပါတယ်။

ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့တို့မှာ ဒေသစံတော်ချိန် မနက် ၄ နာရီကနေ ၆ နာရီခွဲအတွင်း အီရန် ကျောထောက်နောက်ခံပြု ဟူသီအကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြီးတွေကို အမေရိကန်ဦးဆောင်တဲ့ ရေတပ်ညွန့်ပေါင်းအဖွဲ့က တုံ့ပြန်ဆောင်ရွက်ခဲ့တာလို့လည်း ပြောပါတယ်။

မောင်းသူမဲ့လေယာဉ် (UAVs)တွေဟာ ကုန်သင်္ဘောတွေ၊ အမေရိကန်ရေတပ်နဲ့ ဒေသတွင်းက ညွန့်ပေါင်းတွေရဲ့ သင်္ဘောတွေအတွက် ခြိမ်းခြောက်မှုဖြစ်လာတယ်လို့ အမေရိကန် စစ်တပ်က X လူမှုကွန်ရက်မီဒီယာပေါ်မှာ ပြောပါတယ်။

လွတ်လပ်စွာ သွားလာခွင့်ကို အကာအကွယ်ပေးဖို့နဲ့ နိုင်ငံတကာ ရေပိုင်နက်တွေကို ပိုလုံခြုံအောင် လုပ်ဖို့ ဒီလို လုပ်ဆောင်တာလို့လည်း ပြောပါတယ်။ 

ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့် ရှပ်စ်က ဗြိတိန်စစ်သင်္ဘော HMS ရစ်ချ်မွန်ဟာ အမေရိကန်နဲ့ ပြင်သစ်တပ်ဖွဲ့တွေနဲ့ ပေါင်းပြီး ပင်လယ်နီအတွင်း သင်္ဘောလမ်းကြောင်းတွေကို ကာကွယ်ဖို့ ဟူသီတွေရဲ့ တိုက်ခိုက်ရေးဒရုန်းနှစ်စင်းကို ပစ်ချခဲ့တယ်လို့ မတ်လ ၉ ရက်မှာ ပြောခဲ့ပါတယ်။

ယီမင်နိုင်ငံထဲက ဟူသီတပ်ဖွဲ့ဝင်တွေကလည်း ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ထဲက အမေရိကန်သင်္ဘောတွေကို အကြီးမားဆုံး တိုက်ခိုက်ခဲ့ပြီး အမေရိကန်ရေတပ် စစ်သင်္ဘောတွေနဲ့ ကုန်သင်္ဘောတွေကို တိုက်ခိုက်ဖို့ ဒရုန်း ၃၇ စင်း စေလွှတ်ခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန်ကတော့ မောင်းသူမဲ့လေယာဉ် ၃၇ စင်းကို ပစ်ချတာမဟုတ်ဘဲ ၁၅ စင်းသာ ပစ်ချတာလို့ ပြောပါတယ်။

ဟူသီသူပုန် အဖွဲ့ရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာဟယာ စာရီယာက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တိုက်ခိုက်မှု အောင်မြင်တယ်လို့ ပြောပေမဲ့ သက်သေမပြခဲ့ပါဘူး။

ဒိန်းမတ် ဖရီးဂိတ်စစ်သင်္ဘော အီဝါဗီဖာ့ထ်ကလည်း သောကြာနေ့ညက ပင်လယ်နီထဲမှာ ဟူသီတွေရဲ့ ဒရုန်းလေးစင်းကို ပစ်ချခဲ့ပါတယ်။

ပစ်မှတ်ထားခံရတဲ့ ကုန်သင်္ဘော Propel Fortune ဟာ စင်ကာပူ အလံတင်ထားပြီး အစ္စရေးနဲ့ ဆက်နွှယ်မှုမရှိဘူးဆိုပေမဲ့ အမေရိကန်နဲ့ ဆက်နွှယ်နေတယ်လို့ ဟူသီတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013