Home
နိုင်ငံတကာ
အိန္ဒိယ ပန်းချီဆရာ ၁ ဦး အလှူရှင်ထံမှ လက်နှစ်ဖက်ကို ကိုယ်အင်္ဂါအစားထိုးကုသမှု ခံယူမည်  
DVB
·
March 10, 2024
Indian man limb transplant_10032024

အိန္ဒိယအမျိုးသား ပန်းချီဆရာတဦးဟာ ကိုယ်အင်္ဂါအစားထိုး ခွဲစိတ်မှုခံယူအပြီးမှာ ကိုယ်အင်္ဂါအလှူရှင် အမျိုးသမီး မီနာမေထာဆီကနေ လက်နှစ်ဖက်ကို ပိုင်ဆိုင်ရရှိခဲ့ပါတယ်။

ဦးနှောက်သေဆုံးသွားပြီလို့ ကြေညာထားတဲ့ မီနာမေထာဟာ သူ သေဆုံးပြီးနောက်မှာ သူ့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို လှူဒါန်းမယ်လို့ ကတိပြုခဲ့ကြောင်း ခွဲစိတ်မှုမှာ ပါဝင်ခဲ့တဲ့ အကြီးတန်း ပလတ်စတစ်ခွဲစိတ်ဆရာဝန် အက်စ်အက်စ်ဂမ်ဘီယာက ပြောကြားပါတယ်။

ကွယ်လွန်သူ အလှူရှင်ရဲ့ဆန္ဒကို သူ့မိသားစုလည်း သိရှိထားတာကြောင့် သူတို့ရဲ့ ခွင့်ပြုချက်နဲ့ လှူဒါန်းထားတဲ့ ခြေ လက် အင်္ဂါတွေကို ချက်ချင်း အသုံးပြုခဲ့ကြောင်းလည်း ဆိုပါတယ်။

ကိုယ်အင်္ဂါလက်ခံရရှိသူကို ခွဲစိတ်မှုအတွက် အဆင်သင့် ပြင်ထားရကြောင်း၊ သူတို့ရဲ့ သွေးအုပ်စုတွေကလည်း ကိုက်ညီနေလို့ အခြေအနေကို အကဲဖြတ်ပြီးနောက် အစားထိုးကုသမှုကို ဆက်လက်လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဒေါက်တာ အက်စ် အက်စ် ဂမ်ဘီယာက ပြောပါတယ်။

ကွယ်လွန်သူအလှူရှင်ရဲ့ ညီမဖြစ်သူ လာလီတာဂရိုဗာကလည်း သူ့အမဟာ ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းခြင်းရဲ့ အရေးပါပုံကို လှုံ့ဆော်ခဲ့ဖူးပြီး သူ သေဆုံးသွားရင် သူ့ကိုယ်အင်္ဂါတွေကို လှူဒါန်းဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတာကို အသိပေးခဲ့တာကြောင့် သူ့ဆန္ဒကို သတိရပြီး အစားထိုးကုသဖို့ သဘောတူခဲ့တာပါလို့  ပြောဆိုပါတယ်။

ခွဲစိတ်မှုပြုလုပ်ခဲ့တဲ့ ဆာရ်ဂင်္ဂါရမ်ဆေးရုံရဲ့ အဆိုအရ ဒါဟာ နယူးဒေလီမှာ ပထမဆုံးသော ခွဲစိတ်မှုလည်း ဖြစ်ပါတယ်။

ခွဲစိတ်မှုကို ဇန်နဝါရီလမှာ လုပ်ဆောင်ခဲ့ပြီး ခွဲစိတ်ချိန် ၁၂ နာရီလောက် ကြာမြင့်ခဲ့ကြောင်းနဲ့ လူနာ ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013