အင်းစိန်ထောင်တွင်း
ဦးညိုဝင်း၊ ကြယ်မင်းနီမွန်
ကွယ်လွန်ခဲ့တာ၊ သုံးဆယ့်သုံးနှစ်
မတ်လရှစ်မှာ၊ ပြည့်ခဲ့ပါပြီ
လွမ်းစာစီရုံဖြင့် မရပေတကား ။ ။
ပြည်သူ့တိုးတက်ရေးပါတီ တွဲဖက်အတွင်းရေးမှူး၊ တချိန်က တကသ ကျောင်းသားခေါင်းဆောင် ပြည်သူ့ရှေ့ဆောင် တော်လှန်ရေး လမ်းပြကြယ်တပွင့် ဖြစ်ခဲ့သူ ဦးညိုဝင်း ကွယ်လွန်ခဲ့တာ ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်မှာ ၃၃ နှစ် ပြည့်ခဲ့ပါပြီ။ ဦးညိုဝင်းဟာ ၁၉၉၁ ခုနှစ် မတ်လ ၈ ရက်က အင်းစိန်ထောင်မှာ ကျဆုံးသွားခဲ့ပါတယ်။ သူဟာ ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်လို၊ NLD ခရမ်းအမတ် ဦးတင်မောင်ဝင်းလို၊ ရန်ကြီးအောင်စိန်ဝင်း တို့လို ပြည်သူ့ဘက်က ရပ်တည်၊ ရန်သူ စစ်အာဏာရှင်အပေါ် ပြတ်သားသူပါ။ ဒါကြောင့်လည်း ခင်ညွန့် ထောက်လှမ်းရေးက သူ့ကို အင်းစိန်ထောင်တွင်း အပြတ်ရှင်းလိုက်တာပေါ့။ ၃၃ နှစ် ကြာခဲ့ပါပြီနော်။ ဒါပေမဲ့ ကျနော်တို့ မမေ့၊ ပြည်သူအများကလည်း မမေ့ပါ။ ပြက္ခဒိန်စာရွက်ပေါ်မှာ သူလို အာဇာနည်တွေရဲ့ နှစ်ပတ်လည်နေ့စွဲတွေကို ပုံနှိပ်ထားတာတော့ မဟုတ်ပေမဲ့ ပြည်သူ့ရင်တွင်းမှာတော့ နှလုံးသွေးနဲ့ ရေးမှတ်ထားတာပါ။
ရှိနေသေးသည်..
အနေဝေး၍...
မတွေ့သည်သာ...
ယုံမှတ်စွာဖြင့် ...
(ချစ်ရတဲ့ဇနီး မစန်းပွင့်)
ဦးညိုဝင်း ဈာပန ၁၉၉၁ ခု လွမ်းသူ့ပန်းခြင်းမှာ ဇနီး စာရေးဆရာမ မစန်းပွင့် ရေးကပ်ထားခဲ့တဲ့ ကဗျာ
ဦးညိုဝင်း (၁၉၃၂ — ၁၉၉၁)
ဦးညိုဝင်းကို ၁၉၃၂ ခုနှစ် မတ်လ ၂၄ ရက်နေ့က အဖဦးကျင်စွမ် အမိ ဒေါ်စန်းရင်တို့က ပဲခူးတိုင်း ရွှေကျင်မြို့မှာ မွေးခဲ့တယ်။ ၁၉၄၀ ပြည့်မှာ ရွှေကျင် အစိုးရအထက်တန်းကျောင်း၊ ပဲခူးမြို့ အမျိုးသားအထက်တန်းကျောင်းတွေမှာ ပညာသင်ခဲ့ပြီး ၁၉၅၃ ခုနှစ်က ၁၀ တန်းအောင်ခဲ့တယ်။
၁၉၅၃-၅၄ ခုနှစ်တွေမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်လာပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) စည်းရုံးရေးဌာနအတွင်းရေးမှူး၊ ကျောင်းသားအခွင့်အရေးကော်မတီ ဘဏ္ဍာရေးဌာန အတွင်းရေးမှုး၊ ရန်ကုန်တက္ကသိုလ် အင်းဝကျောင်းဆောင် သဟာယနှင့် စာဖတ်အသင်း အမှုဆောင်တွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။
၁၉၅၄-၅၅ ခုနှစ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) အမှုဆောင်အဖွဲ့ သက်သာချောင်ချိရေးဌာန အတွင်းရေးမှူး လုပ်ခဲ့ပါတယ်။
၁၉၅၅-၅၆ ခုနှစ်မှာ ဗကသများအဖွဲ့ချုပ်ရဲ့ တာဝန်ပေးချက်အရ နယ်မြို့တွေကို စည်းရုံးရေးဆင်းခဲ့တယ်။
၁၉၅၆-၅၉ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (ရကသ) အမှု့ဆောင်၊ ပြည်တွင်းစစ် ၁၀ နှစ်မြောက် ကျင်းပရေးကော်မတီဝင်တွေအဖြစ် တာဝန်ယူခဲ့ပါတယ်။
၁၉၅၉-၆၀ မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (ရကသ) ရဲ့ လူထုဆက်သွယ်ရေးမှူးနဲ့ အတွင်းရေးမှူး၊ ၁၉၆၀-၆၁ မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားညီညွတ်ရေးတပ်ဦး ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။
ဗိုလ်နေဝင်းစစ်တပ်က ၁၉၆၂ ခု မတ်လ ၂ ရက်မှာ ဒုတိယအကြိမ် အာဏာသိမ်းအပြီး ဖြစ်ပွားခဲ့တဲ့ 7 July အရေးတော်ပုံ 7-7-62 ဖြစ်အပြီးမှာ ဦးညိုဝင်း တိမ်းရှောင်သွားခဲ့ပြီး ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁၅ မှာ အဖမ်းခံခဲ့ရတယ်။ အာဏာသိမ်း ဗိုလ်ချုပ်နေဝင်း တော်လှန်ရေးကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြောင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့တယ်။ ၁၉၆၄ ခုနှစ်ကျတော့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မြစ်ဝကျွန်းပေါ်ဒေသတိုင်းကို တောခိုသွားတယ်။ ၁၉၆၅ ခုနှစ်မှာ ဗကပ ဗဟိုက ခေါ်ယူ တာဝန်ပေးခဲ့တယ်။ ၁၉၆၇ ခုနှစ်မှာ သခင်တင်ထွန်းနဲ့အတူ အင်းလေးဒေသကို တာဝန်ပေး စေလွှတ်ခံရပြီး ၁၉၆၈ မှာ အဖမ်းခံခဲ့ရလို့ ထောင် ၂ နှစ် ကျခဲ့တယ်။
၁၉၇၀ မှာ ထောင်ကလွတ်ပြီး ၁၉၇၁ ခုနှစ်မှာ ဦးအောင်ကြိုင် ဒေါ်လှမြိုင်တို့သမီး မစန်းနွဲ့ (စာရေးဆရာမ မစန်းပွင့်) နဲ့ လက်ထပ်ခဲ့တယ်။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံမှာ တက်ကြစွာ ပါဝင်လှုပ်ရှားခဲ့သူပါ။ စစ်အာဏာသိမ်းပြီးနောက် ဖွဲ့ခဲ့တဲ့ ပြည်သူ့တိုးတက်ရေးပါတီမှာလည်း အထွေထွေအတွင်းရေးမှူး လုပ်ပါတယ်။ သူ့ရဲ့ပါတီကို နဝတ က ၁၉၈၉ စက်တင်ဘာမှာ ကွန်မြူနစ်လို့ စွပ်စွဲပြီး မှတ်ပုံတင်သိမ်းလိုက်လို့ ဦးညိုဝင်း အဖမ်းခံရတယ်။
နောက်ဆုံးအကြိမ် အဖမ်းခံရချိန်မှာ ကျန်းမာသန်စွမ်းနေတဲ့ ဦးညိုဝင်းဟာ အကြိမ်ကြိမ် အနှိပ်စက်ခံရတာကြောင့် ကျန်းမာရေး ချို့တဲ့လာပါတယ်။ အဲဒီအချိန် ထောင်တွင်း ဦးညိုဝင်း အခန်းဆီက အော်ညည်းသံတွေ ကြားရတတ်တယ်လို့ ကိုယ်တွေ့ကြုံသူတွေက ပြောပြကြပါတယ်။ သူ့ကို ၁၉၉၁ ခု မတ်လဆန်းမှာ အင်းစိန်ထောင်ကနေ ထောင်ဆေးရုံကို ပို့လိုက်ရတဲ့အထိ ကျန်းမာရေးဆိုးလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဦးညိုဝင်းဟာ သတိလစ် မေ့မြောနေပါပြီ။ သူ့တကိုယ်လုံးမှာလည်း အနာတွေနဲ့ ပြည့်နှက်နေပြီး ပြည်တွေလည်း ယိုထွက်နေပါပြီ။ တချိန်တည်းမှာ သူဟာ ဝမ်းတွေလည်း လျှောနေခဲ့တာပါ။ ဆေးရုံမှာ ၃ ရက်ပဲခံပြီး ၁၉၉၁ ခုနှစ် မတ်လ ၈ ရက်နေ့ သောကြာနေ့မှာ ကျဆုံးသွားခဲ့ရပါတယ်။ ဦးညိုဝင်းရဲ့ မိတ်ဆွေ NLD ခေါင်းဆောင်တဦးက “ကိုညိုဝင်းနဲ့ ကိုတင်မောင်ဝင်းတို့ဟာ သေဆုံးရပုံ တပုံစံတည်းပဲလို့ ပြောပြခဲ့ပါတယ်။ တခု ကောင်းတာက သေဆုံးချိန် ဆရာဝန်တယောက်ရဲ့ အကြောင်းကြားချက်နဲ့ သူ့အလောင်းကို မိသားစုက ပြန်ရခဲ့ပြီး ဈာပနလုပ်ခွင့်ရခဲ့တာပါ။
ပြက္ခဒိန်ပေါ်မှာ ပုံနှိပ်မထားတဲ့ ဦးညိုဝင်းရဲ့ အာဇာနည်နေ့
ရေဒီယို အသံလွှင့်ဆောင်းပါးအစီအစဉ်ဟောင်းတခုမှာ ဦးညိုဝင်းအကြောင်း အခုလို ထုတ်လွင့်ထားခဲ့ပါတယ်။ အဲဒီ ရေဒီယို အသံလွှင့်ချက်ကို အခု ပြန်ရေးပြပါမယ်။
ပြက္ခဒိန် စာရွက်တွေပေါ်မှာ အများပြည်သူအတွက် ရက်ရာဇာ၊ ပြဿဒါး၊ လဆန်း၊ လဆုပ်၊ လပြည့်၊ လကွယ်ဆိုတာကို မြင်သာထင်သာအောင် တရားဝင် ပုံနှိပ်ထားကြပါတယ်။ သာမန်အားဖြင့် ရက် လ နှစ် အချိန် နာရီတွေဟာ လူသားတွေနဲ့ ထပ်ချပ်မကွာ ဘဝအချို အခါးတွေကို ဖန်တီးပေးထားပါတယ်။ ဒီထဲကမှ မြန်မာပြည် စစ်အာဏာရှင်စနစ်အောက်က အများပြည်သူ လွတ်မြောက်ဖို့ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝကို စတေးခဲ့ကြတဲ့သူတွေ ကျဆုံးတဲ့အခါ ကျန်ရစ်သူမိသားစုက ပြက္ခဒိန်ပေါ်မှာ နှလုံးသားထဲမှာ နှလုံးသွေးနဲ့ နေ့စွဲကမ္ပည်းထိုးပြီး ရေးမှတ်ထားပါတော့တယ်။ ဒီလို သူရဲကောင်းတွေနဲ့ ရင်းနှီးသူ နီးစပ်သူတွေရဲ့ ရင်ထဲမှာလည်း နာကျင် ကြေကွဲစွာ အမှတ်ရ ကမ္ပည်းထိုး အလွတ်ကျက်မှတ်ထားကြပါတယ်။ အကျဉ်းထောင်အတွင်း စစ်ကြောရေး စခန်းအတွင်း ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေရဲ့ နှစ်ပတ်လည်နေ့တွေမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အကျဉ်းကျမိသားစုတွေ ပြည့်သူ့နိုင်ငံရေးပါတီ အဖွဲ့အစည်းအသီးသီး (ပြည်သူ့အကျိုးမပြုပါတီတွေလုံးဝမပါ) က ဆွမ်းကျွေး တရားနာ ဂုဏ်ပြုပွဲတွေ စာအုပ်ထုတ်ဝေပွဲတွေ လုပ်ကြပါတယ်။
ပြက္ခဒိန်ရဲ့ ပထမဆုံးလ ပထမဆုံး ဇန်နဝါရီ ၈ က ရန်ကြီးအောင်စိန်ဝင်း နှစ်ပတ်လည်နေ့ပါ။ ဇန်နဝါရီ ၁၈ ရက်က NLD ခရမ်းအမတ် ဦးတင်မောင်ဝင်း နှစ်ပတ်လည်နေ့၊ ဖေဖော်ဝါရီ ၁၈ ရက်က ဦးသိန်းတင် နှစ်ပတ်လည်နေ့၊ မတ်လ ၈ ရက်နေ့ကတော့ ပြည်သူ့တိုးတက်ရေးပါတီ ခေါင်းဆောင် ဦးညိုဝင်း နှစ်ပတ် လည်နေ့ပါ။ အခု ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်ဟာ ၃၃ နှစ်မြောက် ဦးညိုဝင်း အင်းစိန်ထောင်တွင်း ကျဆုံးခဲ့တဲ့နေ့ပါ။
သူရဲကောင်းစိတ်ဓာတ်နဲ့
စိတ်ကူးမျှော်မှန်းချက်မရှိရင်
လူ့ဘဝကြီးမှာ နေရတာ
ဘာမှအဓိပ္ပာယ်မရှိဘူး။
ဒါပေမဲ့ ဒီစိတ်ဓာတ် ၂ ခုလုံးက
အသက်နဲ့ ရင်းရတာချည်းပဲ။ ။
(ဦးညိုဝင်း)
ရှစ်လေးလုံးအရေးတော်ပုံကြီးထဲက ဦးညိုဝင်း
လူထုခံစားချက် လူထုဘဝနဲ့ တသားတည်းရှိခဲ့သူ ဦးညိုဝင်းက ၁၉၈၈ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကာလမှာ စစ်ပြီးခေတ် လွတ်လပ်ရေးခေတ် ကျောင်းသားဟောင်းများ အဖွဲ့မှာ ပါဝင် လှုပ်ရှားခဲ့ပါတယ်။ နယ်မြို့နယ်တွေနဲ့ ဒေသတချို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး နိုင်ငံရေး ဟောပြောပွဲတွေကို ဦးညိုဝင်းက လှည့်လည် ဟောပြောခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေ တည်ထောင်ခွင့်ရတဲ့အခါ ပြည်သူ့တိုးတက်ရေးပါတီ တွဲဖက်အတွင်းရေးမှူး၊ ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချုပ် ဒမဖ ရဲ့ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေး တရားတွေ ဟောခဲ့တဲ့ ဦးညိုဝင်းဟာ မျက်ခုံးနက်နက် ကွမ်းသွေးစွန်းနေတဲ့ နှုတ်ခမ်းနဲ့ နှစ်လိုဖွယ် အမူအရာရှိတဲ့ ခေါင်းဆောင်တဦးပါ။ ရန်ကုန်က မြို့နယ်တချို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတရား ဟောနေတဲ့ ဦးညိုဝင်း ရဲဝံ့မှုက လူထုတရပ်လုံးအတွက် အံ့ဩ ကြည်ညိုလို့ ဂုဏ်ယူစရာကောင်းနေပါတယ်။ သူ့ရဲ့တရားကို နားထောင်နေတဲ့ လူထုက လှုပ်ရှားတက်ကြွမှု ဖြစ်လာပြီး စစ်အာဏာရှင် စနစ်အောက်က ရုန်းထွက်နိုင်ဖို့ လမ်းပြပေးနေတဲ့ ကျေးဇူးရှင်လို့ သူ့ကို စိတ်ထဲက အလိုအလျောက် မှတ်ယူနေကြပါတယ်။
စစ်အာဏာရှင် ကြောက်တာ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ
လူထုကို ဦးဆောင်မယ့် နိုင်ငံရေးပါတီကလူထုအခြေအနေကို သိရမယ်။
နိုင်ငံရေး လုပ်တဲ့သူတွေက အာဏာရှိဖို့ လိုအပ်တယ်။
အာဏာနဲ့ ပြည်သူလူထုရဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်ရမယ်။
လူထုကို အတွေးရှင်းနိုင်အောင် လုပ်ရမယ်။
ဝန်ထမ်း လိုအပ်ချက်နဲ့ လယ်သမား လိုအပ်ချက် မတူဘူး။
ဝန်ထမ်းမှာလည်း အစိုးရဝန်ထမ်းနဲ့ ကုမ္ပဏီဝန်ထမ်း လိုအပ်ချက် မတူနိုင်ဘူး။
မတူတာကို တာဝန်ရှိသူတွေက သိရမယ်။
အုပ်စိုးသူ ကြောက်တာက လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲပဲ။
(၈၈၈၈ အရေးတော်ပုံတွင်း ဦးညိုဝင်း ဟောပြောပွဲ ကောက်နုတ်ချက်)
ချော့လို့မရ ချောက်လို့မရတဲ့ ဦးညိုဝင်း
၈၈၈၈ ကာလ ခေါင်းဆောင်ပြီး စစ်အာဏာရှင် မကြောက်တရား ဟောခဲ့တဲ့ ဦးညိုဝင်းကို အဲဒီအချိန် ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့်က မြို့တော်ခန်းမထဲကို ခေါ်သွားပြီး ဆွေးနွေးခဲ့တယ်။ တွေ့ပြီး ပြန်ဆင်းလာတဲ့အခါ အဖော်လိုက်သွားတဲ့ ကဗျာဆရာ ဝင်းတင့်ထွန်းက ခင်ဗျားကို ဗိုလ်ချုပ်မျိုးညွန့်က ဘာများ မိန့်ခွန်းခြွေလိုက်လဲဆိုတော့ ဦးညိုဝင်းက ကွမ်းတံတွေး အားရပါးရထွေးရင်း— “ချော့ကြည့် ချောက်ကြည့်တာပေါ့ဗျာ။ ချော့မရတော့ ချောက်လွှတ်လိုက်တယ်” လို့ ခပ်ပြုံးပြုံးလေး ပြောခဲ့ပါတယ်။
ဦးညိုဝင်း ကျဆုံးခြင်း ၃၃ နှစ်
နောင်တော် ခွပ်ဒေါင်း အာဇာနည်ကြီး ဦးညိုဝင်းကား အသက်ပေး တိုက်ပွဲဝင်လို့ တာဝန်ကျေသွားခဲ့ပါပြီ။ သူ့ရဲ့ ပြတ်သားတဲ့ တိုက်ပွဲဝင်ခဲ့မှုကြောင့်ပဲ ကျနော်တို့ဟာ သူ့ကို ၃၃ နှစ်တိုင် မမေ့နိုင်ကြဆဲ။ ဂုဏ်ယူကြဆဲ။ လေးစားဆဲပါ။ သူ့နှစ်ပတ်လည်တွေကို ပြုလုပ်ကြဆဲပါ။ ဒါပေမဲ့ သူ့ကို ချစ်ရာ လွမ်းရာ အားကျ အတုယူရာရောက်အောင်ကတော့ လွမ်းနေ တမ်းတနေရုံနဲ့ မပြီးသေးပါ။ သူ ပြောခဲ့တဲ့ “အုပ်စိုးသူကြောက်တဲ့ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ”တွေ ဆင်နွှဲနေကြတဲ့ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး နွေဦးတော်လှန်ရေးကြီးမှာ အားလုံးက စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ရောက်ရာနေရာ ရရာနည်းလမ်းနဲ့ ပါဝင်ကြမှသာ ဦးညိုဝင်းကို တကယ့် ဂုဏ်ပြုရာ ရောက်တော့မှာပါ။ ။
ကိုးကား
၁။ လမ်းပြကြယ်စာကြည့်တိုက် (စင်္ကာပူ) ၏ အင်တာနက်စာမျက်နှာ
၂။ “ရှစ်စက္ကန့်ငြိမ် စာအုပ်” (စွန့်လွှတ်သူတို့ ရာဇဝင် (AAPP) May 2006
၃။ မြန်မာပိုင်းရေဒီယိုများမှ အသံလွှင့်ဆောင်းပါးများ
၄။ DPNS လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဝက်ဆိုဒ် စာမျက်နှာ
၅။ နဝတ အကျဉ်းထောင်ထဲမှ အာဇာနည်များ-Burma Information Group