Home
နိုင်ငံတကာ
တရုတ်ရှယ်ယာများ ပြန်မထုတ်ပါက TikTok ကို အမေရိကန်၌ ပိတ်မည့် ဥပဒေကြမ်းလက်မှတ်ထိုးပေးမည်ဟု ဘိုင်ဒင် ပြော
DVB
·
March 10, 2024
FILE PHOTO: Illustration shows U.S. flag and TikTok logo

တရုတ်ကုမ္ပဏီ ByteDance ရဲ့ ရှယ်ယာတွေ ၆ လအတွင်း ပြန်မထုတ်ရင် TikTok ဗီဒီယို အက်ပလီကေးရှင်းကို အမေရိကန်မှာ အသုံးပြုခွင့် ပိတ်ပစ်ဖို့အထိ စီစဉ်ထားတဲ့ ဥပဒေကြမ်းကို လွှတ်တော်ကသာ အတည်ပြုနိုင်ရင် ဥပဒေအဖြစ် လက်မှတ်ထိုးပေးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလိုက်ပါတယ်။ 

အမေရိကန်မှာ TikTok သုံးစွဲသူ သန်း ၁၇၀ အထိ ရှိနေပါတယ်။ ဥပဒေကြမ်းအရ ByteDance ကုမ္ပဏီဟာ ၁၆၅ ရက်အတွင်း တစ်တော့က သူ့ပိုင်ဆိုင်မှုတွေကို ပြန်ထုတ်ရမှာဖြစ်ပြီး အဲဒီလိုလုပ်ဖို့ ပျက်ကွက်ခဲ့ရင် အက်ပဲလ်၊ ဂူးဂဲလ် တို့ရဲ့ အက်ပလီကေးရှင်းစတိုးတွေကနေ TikTok အက်ပလီကေးရှင်း ဖြုတ်ချခံရမှာ ဖြစ်ပါတယ်။

ဒါ့အပြင်  ByteDance ကထိန်းချုပ်ထားတဲ့ အက်ပလီကေးရှင်းတွေ အကုန်လုံးအတွက် Web Hosting ဝန်ဆောင်မှု ပေးခွင့်ရှိတော့မှာမဟုတ်ပါဘူး။

အမေရိကန် အောက်လွှတ်တော်အမတ်တွေဟာ လာမယ့် အင်္ဂါ ဒါမှမဟုတ် ဗုဒ္ဓဟူးနေ့မှာ အဲဒီဥပဒေကြမ်းကို မဲခွဲမှာဖြစ်ပါတယ်။ 

အမတ် ၃ ပုံ ၂ ပုံထောက်ခံမှသာ  ဒီဥပဒေကြမ်းကို အောက်လွတ်တော်မှာ အတည်ပြုနိုင်မှာဖြစ်ပြီး အထက်လွှတ်တော်မှာတော့ အတည်ပြုနိုင်ဖို့ မသေချာသေးပါဘူး။ 

လွှတ်တော်နှစ်ရပ်ကသာ အတည်ပြုနိုင်ရင်တော့ သူ ကန့်ကွက်ဖို့မရှိဘဲ လက်မှတ်ထိုးပေးမယ်လို့ ဘိုင်ဒင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကတော့ ဒီလိုပိတ်ပင်လိုက်ရင် ဖေ့စ်ဘွတ်ခ်က နှစ်ဆ စီးပွားဖြစ်သွားမှာကို မလိုလားဘူးလို့ တုံ့ပြန်ထားပါတယ်။ 

ဒါပေမဲ့ ထရမ့် သမ္မတဖြစ်စဉ်တုန်းက TikTok ကို ပိတ်ပစ်ဖို့ ကြိုးစားခဲ့ဖူးပြီး တရားရုံးက လက်မခံလို့သာ အတည်မဖြစ်ခဲ့တာပါ။

Source/Photo - REUTERS/Dado Ruvic/Illustration

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013